နေပြည်တော် မတ် ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၇၀ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ COVID-19 ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိသည့် Quarantine Center ၌ထားရှိပြီး လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် နေရပ်ပြန်မြန်မာနိုင်ငံသားများအား တပ်မတော်သားပါရဂူများ၊ ဆရာဝန်များက အထွေထွေရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့ ကောင်းမွန်စွာ နေထိုင်စားသောက်ရေးများကို တပ်မတော်က စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် Quarantine Center ထားရှိပြီးပါက ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်နိုင်ရေး လိုအပ်သည်များ ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။