မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့မရဲစခန်းအတွင်းရှိ အိမ်ထောင်သည် လိုင်းခန်းများအား မီးရှို့ရန်လုပ်ဆောင်သူ နှစ်ဦးအား ဖမ်းဆီးရမိ၊ တောင်သာမြို့နယ်၊ မင်းကန်ကျေးရွာနှင့် မကျီးရိုးကျေးရွာကြားရှိ မီးတိုင်များအား ဖျက်ဆီး

နေပြည်တော်  မတ်  ၁၈

နိုင်ငံတော်အတွင်း   တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကို မလိုလားသည့် လူစုလူဝေးများအနေဖြင့် မသမာသူတို့၏နောက်ကွယ်မှ သွေးထိုးစည်းရုံး လှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများရောက်ရှိအောင် ဆူပူအကြမ်းဖက်မှုများ မဖြစ်ဖြစ်အောင် ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်မှုများနှင့် ရဲတပ်ဖွဲ့စခန်းများသို့ စီးနင်းဝင်ရောက် အကြမ်းဖက်ရန် ပြုခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၁ နာရီခန့်တွင်   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၇)ရပ်ကွက်၊ ပခုက္ကူမြို့မ ရဲစခန်းအတွင်းရှိ အိမ်ထောင်သည်လိုင်းခန်းအနီးသို့ အမည်မသိအကြမ်းဖက်လူနှစ်ဦး က ပုလင်းအတွင်း ဓာတ်ဆီထည့်မီးစာတပ်မီးရှို့၍ ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေဖမ်းဆီးရာ   အဆိုပါရပ်ကွက်အတွင်းရှိ တပ်မလမ်း၌ ငြိမ်းချမ်းအောင်(ဘ)ဦးကျော်ဇင်ဌေး အသက် ၂၄ နှစ်နှင့် စိုးသီဟ(ဘ)ဦးဘိုလေး အသက် ၂၇ နှစ် ရပ်ကွက်နေသူတို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖမ်းဆီးရမိအကြမ်းဖက်သူများအား ပခုက္ကူမြို့မရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး တရား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင်    မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မင်းကန်ကျေးရွာနှင့် မကျီးရိုးကျေးရွာကြားရှိ    ဓာတ်မီးတိုင် ခြောက်တိုင်အား မတ် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက မင်းမဲ့စရိုက်ဆန်စွာ ဖျက်ဆီးဖြိုလှဲခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖျက်ဆီးခဲ့သည့် ဓာတ်မီးတိုင်များအား အစားထိုး ပြင်ဆင်နိုင်ရေးအတွက် သက်ဆိုင်ရာမှ အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။