နေပြည်တော် မတ် ၁၈
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၇၈၃၂၃ ဦး၊ အတွင်းလူနာ ၄၁၄၈ ဦးကို တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက် ပေးသည်။
ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၃၆၀၅ ဦး၊ အသေးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၉၀၆ ဦး၊ စုစုပေါင်း ၅၅၁၁ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများက အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၁၉၉၁ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၃၀၃၁ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၅၀၂၂ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
ယင်းသို့ဒေသခံပြည်သူများအား ဆေးကုသပေးနေမှု အခြေအနေများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။