ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေး ကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြု ကြည်ညိုလျက်ရှိ

နေပြည်တော်  မတ်  ၁၈

COVID-19 ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများ အလိုက် ဘာသာရေးကျောင်းများအား ဖူး မြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထား ရှိရာမှ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရားဘာဝနာပွားများ နိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော် မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီ ပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် မိဘ ပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။

ထို့ပြင်   နိုင်ငံတစ်ဝန်းရှိ   အစ္စလာမ်ဘာသာရေးကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့်   ဟိန္ဒူဘာသာရေး ကျောင်းများကိုလည်း သက်ဆိုင်ရာဘာသာများအလိုက် အများပြည်သူဝတ်ပြု ကြည်ညိုနိုင်ရေးအတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာဘာသာဝင်များက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ    လာရောက်ဝတ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။