၀က်ဖို့ဒ်နည်းပြဟောင်း ဂျာဗီဂါစီယာကို ဗလင်စီယာအသင်း နည်းပြသစ်အဖြစ် ခန့်အပ်

၀က်ဖို့ဒ်နည်းပြဟောင်း ဂျာဗီဂါစီယာကို ဗလင်စီယာအသင်း နည်းပြသစ်အဖြစ် ခန့်အပ်

ဗလင်စီယာအသင်းသည် ဇွန်လက ထုတ်ပယ်လိုက်သော နည်းပြအဲလ်ဘတ်စီလာဒက်စ်နေရာ၌ ဝက်ဖို့ဒ်နည်းပြဟောင်း ဂျာဗီဂါစီယာကို နည်းပြသစ်အဖြစ် နှစ်နှစ်စာချုပ်ချုပ်ဆို၍ ခန့်အပ်လိုက်ကြောင်း ဇူလိုင် ၂၈ ရက်က အတည်ပြု ကြေညာခဲ့သည်။ ဗလင်စီယာအသင်းသည် ၂၀၁၉-၂၀၂၀ လာလီဂါရာသီအတွင်း စီလာဒက်စ်ကို မထုတ်ပယ်မီ မာဆယ်လီနိုကို  ထုတ်ပယ်ခဲ့သည့်အတွက်  ဂျာဗီဂါစီယာသည် တစ်နှစ်အတွင်း  အသင်း၏ သုံးဦးမြောက်နည်းပြ ဖြစ်လာသည်။ 
အသက် ၅၀ အရွယ် ဂျာဗီဂါစီယာသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဝက်ဖို့ဒ်အသင်းကို ပရီးမီးယားလိဂ်၌ အဆင့်(၁၁) နေရာမှ ရာသီသိမ်းနိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး  အက်ဖ်အေဖလား  ဗိုလ်လုပွဲသို့ တက်ရောက်စေရန်လည်း စွမ်းဆောင် ပေးနိုင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့် စက်တင်ဘာလက အသင်းရလဒ်များ ဆိုးရွားခဲ့သဖြင့် ၎င်းကို ဝက်ဖို့ဒ်နည်းပြ ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။ ဝက်ဖို့ဒ်အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရသည်။ 
ဗလင်စီယာအသင်းသည် ယခုရာသီတွင် အဆင့်(၉) နေရာမှသာ ရာသီသိမ်းနိုင်ခဲ့သဖြင့် ပြီးခဲ့သည့်နှစ်က အဆင့်(၄) နေရာရခဲ့ပြီး စပိန်ဘုရင်ဖလားရခဲ့သည့် စံချိန်ကို လိုက်မမီနိုင်သောကြောင့် နည်းပြစီလာဒက်စ်ကို ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။ ဂျာဗီဂါစီယာသည် ယခင်က စပိန်ကလပ်အသင်းများ ဖြစ်သော မာလာဂါနှင့် ကာဒစ်ဖ်အသင်းတို့ကို နည်းပြခဲ့ဖူးပြီး ဗလင်စီယာနည်းပြ ရာထူးကို လက်မခံမီ အသင်းမှ လူငယ်ကစားသမားများကို ရောင်းထုတ်ခြင်း မပြုလုပ်ရန် တောင်းဆိုခဲ့သည့်အတွက် ဗလင်စီယာအသင်းအနေဖြင့် မန်စီးတီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသော အသက် ၂၀ အရွယ် လူငယ်တိုက်စစ်မှူး  ဖာဖန်တောရက်စ်ကို  အသင်း၌ ဆက်ထားရန် ကတိပေးခဲ့သည်။