နေပြည်တော်၊ မတ် - ၂၀၈
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာအခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၈၃၆၄၈ ဦး၊ အတွင်းလူနာ ၄၀၀၁ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။
ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ ရန်လိုအပ်သူ ၃၈၇၄ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၂၀၆၅ ဦး၊ စုစုပေါင်း ၅၉၃၉ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ၎င်းင်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး ၎င်းးတို့အနက် ၂၁၄၂ ဦးကိုခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၃၁၈၄ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၅၃၂၆ ဦးကို အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် မျက်စိ ရောဂါဖြင့် လာရောက်ဆေးကုသမှုခံယူလျက်ရှိသော ဒေသခံတိုင်းရင်းသားပြည်သူများအား မျက်စိစမ်းသပ်ကုသပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်ကုသမှုများခံယူခဲ့သည့် အတွင်းတိမ်မျက်စိလူနာများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့်အဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ကြည့်ရှုပြီး ဆေးမျက်မှန်များ တပ်ဆင်ပေးကာ ထောက်ပံငွေများလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် လာရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများ သွေးလိုအပ်မှုမရှိစေရေးအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက စုပေါင်း သွေးလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုအခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသောလူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။