နေပြည်တော်၊ မတ် - ၂၀
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြိ့နယ်အုပ်ချုပ်ရေးမှူးများက (၇၆)နှစ် မြောက်တပ်မတော်နေ့အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ နယ်မြေခံတပ်မတော်ဆေးတပ်ရင်း၌ ဆေးဝါးကုသပေးလျက်ရှိသော ပါရဂူမျာ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ဆေးရုံတက်ရောက်မီးဖွားလျက်ရှိသော ဒေသခံပြည်သူများအတွက် ဆေးရုံသုံးပစ္စည်းများပေးအပ်လှူဒါန်းခြင်းများကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် ဧည့်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ကိုယ်စား ဧရာဝတီတိုင်း ဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးသန်းဆွေဝင်း မှ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းစစ်ဌာနချုပ်တွင် ကျင်းပပြုလုပ်မည့် (၇၆)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်များ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလှူငွေကျပ် ၁၀ သိန်း၊ နယ်မြေခံ တပ်မတော်ဆေးတပ်ရင်း၌ ဆေးဝါးကုသပေးလျက်ရှိသော ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြု များနှင့် ဆေးရုံဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀ နှင့် ဆေးရုံတက်ရောက် မီးဖွားလျက်ရှိသော ဒေသခံပြည်သူများအတွက် ဆေးရုံသုံးပစ္စည်းများအား ပေးအပ်လှူဒါန်းရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။