မော်လမြိုင်-ရန်ကုန် အမှတ် ( ၃) အဆန် ( ၄) အစုန် အမြန်ရထားကို လေအိတ်တွဲဆိုင်း အသစ်ဖြင့် စတင်ပြေးဆွဲ

မော်လမြိုင် - ရန်ကုန် အမှတ် (၈၃) အဆန်၊ (၈၄) အစုန်  အမြန်ရထားကို လေအိတ်တွဲဆိုင်းအသစ်ဖြင့် သြဂုတ် ၂၂ ရက်တွင် စတင်တိုးချဲ့ ပြေးဆွဲနေကြောင်း မြန်မာ့မီးရထားပို့ဆောင်ရေး  (နေပြည်တော်)   ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်စိုးလင်း၏ ပြောဆိုချက်အရ သိရသည်။

“လေအိတ်ရထားအသစ်  ပြေးဆွဲပေးမယ့် ကြာချိန်က     ကိုးနာရီလောက်ပဲရှိမယ်။  တချို့လမ်းပိုင်းတွေ   အဆင့်မြှင့် တင်ပြီးသွားပြီဆိုရင်    မုပ္ပလင်နဲ့   သထုံကြားကို အရင်ကထက် အထိုက်အလျောက် မြန်သွားမယ်။  မော်လမြိုင် လမ်းပိုင်းမှာ လေအိတ်ရထား တစ်ခါမှ မပြေးဆွဲရသေးလို့ ပြေးဆွဲပေးနေတာပါ။   အခုဆိုရင် ရန်ကုန်-မန္တလေးလမ်းပိုင်းလည်း   လေအိတ်ရထားပြေးဆွဲနေတယ်။   နောက်ပြည်လမ်းနဲ့   မြစ်ကြီးနားလမ်းပိုင်းမှာလည်း လေအိတ်ရထား ပြေးဆွဲနေတယ်။ မြစ်ကြီးနားလမ်းပိုင်း လေအိတ်ရထားက လောလောဆယ် COVID-19 ရောဂါကြောင့် ရပ်နားထားရတယ်” ဟု ဦးကျော် စိုးလင်းကပြောသည်။

အဆိုပါ ရထားသည်   ပဲခူးဘူတာ၊ ပေါင်ဘူတာ၊  သထုံဘူတာ၊  ကျိုက်ထို ဘူတာနှင့် တောင်စွန်းဘူတာတို့၌ ရပ်နား မည်ဖြစ်ကာ   လေအိတ်ရထားဖြစ်သည့်အတွက် တွဲများသန့်ရှင်းသပ်ရပ်ပြီး   ခရီးသည်များ လုံခြုံရေးအတွက်    CCTV  ကင်မရာများ တပ်ဆင်ထားသည်။

ရန်ကုန်မှ မော်လမြိုင်သို့ ရထားပြေးဆွဲချိန်မှာ ကိုးနာရီခန့်သာ ကြာမြင့်မည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ  တစ်ဦးလျှင် အထက်တန်း ငွေကျပ် ၈၀၀၀၊ ရိုးရိုးတန်း ငွေကျပ် ၄၀၀၀ ဖြစ်ကာ လက်မှတ်များကို တစ်ရက် ကြိုတင် ရောင်းချပေးမည်ဖြစ်သည်။

အဆိုပါ လေအိတ်ရထားသည် ရိုးရိုးတန်း ငါးတွဲ၊ အထက်တန်း လေးတွဲ၊ ဘရိတ် တစ်တွဲပါရှိပြီး  အစုန်အဆန်ပြေးဆွဲပေး မည်ဖြစ်သည်။ ရန်ကုန်ဘူတာကြီးမှ ည ၈ နာရီတွင်ထွက်ခွာပြီး မော်လမြိုင်သို့ နံနက် ၅ နာရီ  မိနစ် ၃၀ ခန့်တွင် ရောက်ရှိကာ မော်လမြိုင်မှ ည ၉ နာရီတွင် ထွက်ခွာပြီး ရန်ကုန်သို့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်