လက်ရွေးစင် အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲကာလပေါ် မူတည်၍ ခြေစမ်းပွဲများ စီစဉ်မည်

လက်ရွေးစင် အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲကာလပေါ် မူတည်၍ ခြေစမ်းပွဲများ စီစဉ်မည်

မြန်မာ့လက်ရွေးစင် အသင်းများ၏ ယခုနှစ်နှင့်  လာမည့်နှစ်အတွင်း  ယှဉ်ပြိုင်ရမည့်     နိုင်ငံတကာပြိုင်ပွဲ ကာလပေါ် မူတည်၍ ခြေစမ်းပွဲများ စီစဉ်ပေးမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)  မှ   တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိ Covid-19  ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတကာပြိုင်ပွဲအများစု ရွှေ့ဆိုင်းထားရပြီး လက်ရွေးစင် အသင်းများအနေဖြင့် အောက်တိုဘာလမှသာ  ပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

MFF သည် အမျိုးသားအသင်းများအဖြစ် လက်ရွေးစင်အသင်း၊ ယူ-၂၂၊ ယူ-၁၉၊ ယူ-၁၆ အသင်း၊ အမျိုးသမီးအသင်း များအဖြစ်   လက်ရွေးစင်အသင်း၊ ယူ-၁၈ နှင့် ယူ-၁၅ အသင်းတို့ ဖွဲ့စည်းမည် ဖြစ်သည်။ “လက်ရွေးစင်အသင်းတွေရဲ့ ခြေစမ်းပွဲတွေအတွက် ပြိုင်ပွဲကာလပေါ်မူတည်ပြီး စီစဉ်ပေးဖို့ ရှိပါတယ်။ လက်ရှိတော့ ဒီနှစ်ထဲမှာ အမျိုးသားလက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ ဆူဇူကီးဖလားပြိုင်ပွဲပဲ အတည်ပြု ကြေညာထားပါတယ်။ 

ကျန်တဲ့နိုင်ငံတကာပွဲတော်တော်များများ အတည်မပြုနိုင်သေးပါဘူး။ ပြိုင်ပွဲရက် အတိအကျ သိရရင်တော့ သက်ဆိုင်ရာ အသင်းတွေရဲ့ပြင်ဆင်မှု၊ နိုင်ငံတကာခြေစမ်းပွဲနဲ့ ပြည်ပခြေစမ်းခရီးစဉ်တွေ စီစဉ်ပေးမှာပါ”ဟု ၎င်းကပြောသည်။ မြန်မာ့လက်ရွေးစင်အမျိုးသား ဘောလုံးအသင်းသည် အောက်တိုဘာနှင့် နိုဝင်ဘာလတို့အတွင်း ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် ဆူဇူကီးဖလား ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။