ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊  မတ် - ၂၃
    
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည် မြို့နယ်၊ စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ တောင်သာ မြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊  ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ် ဆေးရုံနှင့် လက်ပံတန်းမြို့နယ်၊ ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့်လူနာရှင်များက အကူအညီ တောင်းခံမှုကြောင့် တပ်မတော်မှဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစား နေရသည့်ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆက်လက်ဆောင်ရွက် ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေခြင်းများ ဆောင်ရွက်ပေး ခဲ့သည်။
    
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံနှင့် မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံများရှိ ဆရာဝန်များနှင့် သူနာပြုများသည် ၎င်းင်းတို့၏ လုပ်ငန်း တာဝန်များကို ထမ်းဆောင်ခြင်းမရှိဘဲ တာဝန်များ ပျက်ကွက်လျက်ရှိပြီး  ဒေသခံပြည်သူများက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အကူအညီ တောင်းခံလာခဲ့သည်။ ထို့ကြောင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မှ တပ်မတော်သားဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့အား အဆိုပါဆေးရုံများသို့ စေလွှတ်ခဲ့ရာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ အင်အား ၂၀၀ ဦးခန့်က လှိုက်လှဲစွာကြိုဆိုခဲ့ကြကြောင်း သိရှိရပြီး အဆိုပါဆေးရုံများရှိ ကျန်းမာရေး ဝန်ထမ်းများနှင့်ဆေးရုံတက်ဒေသခံပြည်သူများအတွက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဆေးရုံသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
    
ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ ကျန်းမာရေး စောင့်ရှောက်ပေးမှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင်ကျေးဇူးတင်ဝမ်းမြောက် လျက်ရှိကြောင်း သတင်းရရှိသည်။