(၇၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်း

နေပြည်တော် မတ် ၂၄

(၇၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲကို  ယနေ့နံနက်ပိုင်းတွင်   အနောက်တောင်တိုင်း စစ်ဌာနချုပ်၊  နယ်မြေခံတပ်ရင်း၌  ပြင်ဆင်ထားရှိသော ယာယီကုသဆောင်၌ ပြုလုပ်ရာ ကွပ်ကဲမှုအောက်  တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မှီခိုသူမိသားစုဝင် ၃ဝ ဦးတို့က သတ်မှတ်နေရာများ၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး  သွေးလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့်  အားဆေးများ ပေးအပ်ကြသည်။

အဆိုပါစုပေါင်း သွေးလှူဒါန်းခဲ့ကြသည့် ၅ဝဝ   ml  သွေး ၃ဝ လုံးအား   နယ်မြေခံ တပ်မတော်ဆေးတပ်ရင်းတွင်   ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာများ အရေးပေါ် သွေးလိုအပ်ပါက     အသုံးပြုနိုင်ရန် အတွက်ဖြစ်ပြီး   အနောက်တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့်   စုပေါင်းသွေးလှူဒါန်းမှု ရှစ်ကြိမ်၊ သွေးလှူဒါန်းသူ ၄ဝဝ ဦး၊ ၅ဝဝ ml  သွေး ၄ဝဝ လုံး လှူဒါန်းပြီးဖြစ်ကြောင်း သိရှိရသည်။

အလားတူ (၇၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊စစ်သည်များက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ စုပေါင်း သွေးလှူဒါန်းကြသည်။ ဦးစွာ ကျန်းမာရေးဝန်ထမ်းများက သွေးလှူရှင်များအား သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးအစား ခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခြင်းများ  ဆောင်ရွက်ပေးပြီး သွေးအလှူရှင် ၄ဝ ဦးတို့က သတ်မှတ်နေရာ အသီးသီး၌ စုပေါင်း သွေးလှူဒါန်းကြသည်။

ထိုသို့သွေးလှူဒါန်းနေမှုများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး    အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။