(၇၆)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြဝတီဘဏ်လီမိတက်၏ (၆၆)ခုမြောက် ဘဏ်ခွဲဖွင့်လှစ်

နေပြည်တော်  မတ်  ၂၄

(၇၆)နှစ်မြောက်   တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   မြဝတီဘဏ် လီမိတက်၏  (၆၆)ခုမြောက်ဘဏ်ခွဲဖြစ်သော မြဝတီဘဏ်(မြစ်ကြီးနား) ဘဏ်ခွဲ ဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ ကွင်းအမှတ်(၁၆ က/၃ က)၊  ဦးပိုင်အမှတ် (၂ဝ/၂-ခ)၊ ပြည်ထောင်စုလမ်းမကြီး၊ အမှတ်(၉/၃၉၄)ရှိ   အဆိုပါဘဏ်ခွဲ၌ ပြုလုပ်ရာ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြဝတီဘဏ်လီမိတက်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က မြဝတီ ဘဏ်(မြစ်ကြီးနား)ဘဏ်ခွဲ အဆောက်အအုံ ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တာဝန်ရှိသူများနှင့်အတူ   ဘဏ်ခွဲကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ မြဝတီဘဏ်(မြစ်ကြီးနား) ဘဏ်ခွဲကို  ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများဖြင့်  တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။ စာရင်း ရှင်အပ်ငွေများ၊ ငွေစုဘဏ်အပ်ငွေများ၊ စာရင်းသေအပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ်ပညာသင်ဆု ဝန်ဆောင်မှုအပ်ငွေများ၊ ATM ကတ်စာရင်းအပ်ငွေများ လက်ခံခြင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ လိုအပ်သော ရင်းနှီးငွေများအတွက် မရွှေ့မပြောင်းနိုင်သော မြေနှင့် အဆောက် အအုံများကို အာမခံအဖြစ် ရယူ၍ ချေးငွေ များထုတ်ချေးခြင်း၊ မြဝတီဘဏ်ခွဲ အသီးသီးနှင့် ချိတ်ဆက်ထားသည့်  မြန်မာ့စီးပွားရေး ဘဏ်နှင့်   ပုဂ္ဂလိကဘဏ်များသို့   အပြန်အလှန် ငွေလွှဲပေးပို့နိုင်ခြင်းများ အပါအဝင် Modern  Banking အနေဖြင့်လည်း Mobile Banking နှင့် Internet Banking ဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။