မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ လက်နက်ခဲယမ်းများနှင့်မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိသူများ နှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၄

၂၀၂၁ ခုနှစ် မတ် ၂၄ ရက်မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထားရှိကြောင်း သတင်းအရ မကွေးမြို့၊ မဲထီးလမ်းနှင့်သစ္စာလမ်းထောင့်ရှိ ယခင်လက်နက်မှုဖြင့် ထောင်ကျဖူးသူ မင်းထင်ကျော် ၂၇ နှစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မင်းထင်ကျော် အားတွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းနေအိမ်အိပ်ခန်းအတွင်းမှ ၅.၅၆ကျည်ဖြင့်ပစ်ခတ်၍ရသောလက်လုပ်သေနတ် နှစ်လက်၊ မှန်ပြောင်းပါလေသေနတ် နှစ်လက်၊ မှန်ပြောင်းပါပွိုင့် ၂၂ သေနတ်တစ်လက်၊ ပစ္စတို ပုံစံလေသေနတ်တစ်လက်၊ စုစုပေါင်းသေနတ်ခြောက်လက်၊ ၅.၅၆ ကျည် ၁၀၄ တောင့်၊ ၎င်းကျည်ခွံ တစ်ခု၊ ၇.၆၂ ကျည်ကိုးတောင့်၊ ကျည်ခွံ တစ်ခု၊ လေသေနတ်ကျည်နှစ်ဘူး၊ ပွိုင့် ၂၂ ကျည်လေးတောင့်၊ ၎င်းကျည်ခွံ ၃၄ ခု၊ ဓားမြှောင်နှစ်ချောင်း၊ ဓားရှည်လေးလက်၊ သံစကြာတစ်ခု၊ လက်နက်ဆက်စပ်ပစ္စည်းများပါဘူးတစ်ဘူး၊ ဆေးခြောက်(အလေးချိန်စိစစ်ဆဲ) ထည့်ထားသော ကော်ဘူးငါးဘူးနှင့် ဖန်ပုလင်းနှစ်လုံး၊ ဆေးခြောက်ရှူ ကိရိယာ တစ်ခုတို့အား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ ဆက်စပ်သတင်းအရမွန်းလွဲ ၂ နာရီ မိနစ် ၂၀ အချိန်တွင် မကွေးမြို့၊ ဈေးလမ်းဆုံရပ်ကွက်၊ ပန်းခြံအနောက်လမ်းနေ ဟေမာန်အောင် ၃၀ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ဟေမာန်အောင်အား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းနေအိမ် အိပ်ခန်းအတွင်းမှ .JD 007နံပါတ်ပါ ပွိုင့် ၂၂ သေနတ်တစ်လက်၊ အမျိုးအစား(စိစစ်ဆဲ)  သေနတ်အတိုတစ်လက်၊ စုစုပေါင်း သေနတ်နှစ်လက်၊ ပွိုင့် ၂၂ ကျည် ၄၉ တောင့်၊ ပွိုင့် ၂၂ ကျည်ကတ်နှစ်ခု၊ စနိုက်ပါဆက်စပ်ပစ္စည်းတစ်စုံ၊ သံစကြာတစ်ခု၊ ဓားရှည်နှစ်ချောင်းနှင့် ခေါက်ဓား တစ် ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။

အထက်ပါဖြစ်စဉ်များမှ လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                       

(၁၀၀)