ရွှေပြည်သာမြို့နယ် အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သူများအား ပြစ်ဒဏ် အသီးသီး ချမှတ်

နေပြည်တော်  မတ်  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် မင်းထက်(ခ) လင်းထက်ပိုင်(ဘ)ဦးသန်းထွန်းနှင့် လှဝင်း(ဘ)ဦးစိန်မောင်တို့သည် မတ် ၁၆ ရက်နေ့တွင် SOLAMODA  အထည်ချုပ်စက်ရုံ အဆောက်အဦအား  မီးရှို့ဖျက်ဆီးခဲ့မှုကို ကျူးလွန်ခဲ့သည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၃၆ အရအလုပ်နှင့် ထောင်ဒဏ်(၂ဝ)နှစ်ဖြင့် လည်းကောင်း၊ အောင်ထွန်း(ခ)ဆာမိ၊ အောင်သက်ပိုင်(ခ)ပီချေးနှင့် ဝင်းကိုကို တို့သည် မတ် ၁၄ ရက်နေ့တွင် မြန်မာဟုန်ပေါင်၊ မက်နစ်ကယ်အင်န်၊ အီလက်ထရစ်ကယ်၊ အင်ဂျင်နီးယားရင်း ကုမ္ပဏီလီမိတက်စက်ရုံမှ အမည်မသိ လူငါးဦးမှ ခိုးယူလာပြီး လာရောက်ရောင်းချသည့် ပစ္စည်းများအားခိုးရာပါပစ္စည်း ဖြစ်ကြောင်း ယုံကြည်ရန် အကြောင်းရှိလျက်နှင့် ဝယ်ယူခဲ့ပြီး အဆိုပါ ပစ္စည်းများအား မရိုးမဖြောင့်သော သဘောဖြင့် လက်ခံထားရှိမှုကို ကျူးလွန်ခဲ့သည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၄ အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်ဖြင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မတ် ၂၂ ရက်တွင် အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာ အထက်တန်းကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြှိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက်သည့်အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့်(Martial Law)အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။  စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန် ကြေညာထားသည့် မြို့နယ်များအတွင်း  စစ်ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲ ထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။