လင်းခေးမြို့၊ မြို့နယ်လုံးဆိုင်ရာ(၃၉)ကြိမ်မြောက် ပရိယတ္တိ သဒ္ဓမ္မပါလစာမေး၊ စာပြန်ပွဲဖြေဆိုအောင်မြင်ခဲ့သော စာအောင် သံဃာတော်များအား ဆုနှင်းသဘင်ပွဲ ပြုလုပ်

နေပြည်တော်   မတ်  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၊ မြို့နယ်လုံးဆိုင်ရာ (၃၉)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာမေး၊ စာပြန်ပွဲ ဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာတော်များ စုစုပေါင်း ၁၃၅ ပါး၏ ဆုနှင်းသဘင်ကို ယနေ့နံနက်ပိုင်းတွင် လင်းခေးမြို့၊ မဟာဝိဟာရကျောင်းကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ   လင်းခေးမြို့၊ ဝမ်ဟတ်တိုက်နယ်၊ နားကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစာရိန္ဒ အမှူးပြုသော သံဃာတော်များ၊ စာအောင်သံဃာတော်များ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် နားကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူ တစ်ဦးက သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။

လင်းခေးမြို့၊ မြို့နယ်လုံးဆိုင်ရာ(၃၉)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာမေး၊ စာပြန်ပွဲအောင် ဆုနှင်းသဘင်၌ မူလတန်းအောင် ၄၉ ပါး၊ ပထမတန်းအောင် ၄၆ ပါး၊ ဒုတိယတန်းအောင် ၁၆ ပါး၊ တတိယတန်းအောင် ၁၉ ပါး၊ စတုတ္ထတန်းအောင် ငါးပါး အောင်မြင်ခဲ့ကြကြောင်း သတင်း ရရှိသည်။