ချမ်းမြသာစည်မြို့နယ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊  မတ် - ၂၄

         
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ၁၀၅ လမ်း၊ ၅၂ လမ်းနှင့် ၅၃ လမ်းကြားတွင် မတ် ၂၃ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင်  ဆူပူအကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များအား ဝင်ရောက်လုယက် ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် ဆူပူအကြမ်းဖက်သူအချို့က လက်လုပ်သေနတ်များ၊ ကုံးသီး များ၊ တုတ်၊ ဓား၊ ဂျင်ကလိများ၊ သံဂေါ်လီများ၊ ဖန်ဂေါ်လီများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ ဓားများဖြင့် အနီးကပ်တိုက်လိုက်လာမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးမှာ ယာဘက်လက်ခုံ ပြင်းထန်စုတ်ပြဲဒဏ်ရာ၊ ယာဘက်လက်မောင်း ပြတ်ရှဒဏ်ရာ၊ ဘယ်ဘက်လက်သုံးချောင်း  အတွင်းပိုင်းမှ ပြတ်ရှဒဏ်ရာနှင့် ကျန်တစ်ဦးမှာ ညာဘက်တံတောင်ဆစ်ပြတ်ရှဒဏ်ရာနှင့် ဘယ်ဘက်လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည့် သတင်းအား မတ် ၂၃ ရက်နေ့တွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။

    
အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိရာ  မတ် ၂၃ ရက် ညပိုင်းတွင်  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။