မြန်မာ့ရိုးရာလက်ဝှေ့ အတိုးတက်ဆုံး ကစားသမားဆုနှင့် အလဲထိုးနိုင်ပွဲ အများဆုံးဆုကို ဗျဂ္ဃနှင့်နက္ခတ်အောင်ရရှိ
၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာ့ရိုးရာလက်ဝှေ့ အကောင်းဆုံး ဆုပေးပွဲတွင် အတိုးတက်ဆုံး ကစားသမားဆုနှင့် အလဲထိုးနိုင်ပွဲ အများဆုံးဆုကို ဗျဂ္ဃနှင့် နက္ခတ်အောင်တို့ ရရှိကြကြောင်း သိရသည်။ မြန်မာ့ရိုးရာ လက်ဝှေ့ပြန့်နှံ့ရေးအသင်း (ဧရာဝတီ)မှ ပေးအပ်သည့် အဆိုပါ ဆုပေးပွဲကို ဇူလိုင်နောက်ဆုံးပတ်က ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်း အတွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း အတိုးတက်ဆုံး ကစားသမားဆုကို မန္တလေးတိုင်း ကျားဖြူကလပ်မှ ဗျဂ္ဃ၊ အလဲထိုးနိုင်ပွဲ အများဆုံးဆုကို ကရင်ပြည်နယ် ဇွဲကပင်မြေလက်ဝှေ့ကလပ်မှ နက္ခတ်အောင်နှင့် အတိုးတက်ဆုံး လက်ဝှေ့ကလပ်ဆုကို ဇွဲကပင်မြေလက်ဝှေ့ကလပ်တို့က အသီးသီး ရရှိခဲ့ကြသည်။
နက္ခတ်အောင်သည် ၂၀၁၉ ခုနှစ်အတွင်း မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ၁၇ ပွဲ ယှဉ်ပြိုင်ခဲ့ပြီး အလဲထိုးနိုင်ပွဲ ကိုးပွဲအထိ ရရှိခဲ့သည်။ ဗျဂ္ဃသည် ၂၀၁၉ ခုနှစ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ၁၀ ပွဲယှဉ်ပြိုင်ခဲ့ပြီး ကိုးပွဲအနိုင်ရကာ ၂၀၁၉ ရွိုင်ရယ်ဒီ ရွှေခါးပတ် ချန်ပီယံလုပွဲတွင် ၅၇ ကီလိုတန်းချန်ပီယံဆု ကိုလည်း ရရှိခဲ့သည့်အတွက် အတိုးတက်ဆုံး ကစားသမားဆု ရရှိခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် ဇွဲကပင်မြေလက်ဝှေ့ကလပ်သည် ၂၀၁၉ ရွိုင်ရယ်ဒီ ရွှေခါးပတ်ချန်ပီယံလုပွဲတွင် ချန်ပီယံဆုနှစ်ခု ရရှိအောင် စွမ်းဆောင်ပေးနိုင်သည့် လက်ဝှေ့သမားများ မွေးထုတ်ပေးနိုင်သောကြောင့် အတိုးတက်ဆုံး လက်ဝှေ့ကလပ်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ရိုးရာလက်ဝှေ့ပြန့်နှံ့ရေးအသင်း (ဧရာဝတီ)သည် ရိုးရာလက်ဝှေ့ အကောင်းဆုံးဆုများကို ၂၀၁၇ ခုနှစ်က စတင်ပေး အပ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် တတိယအကြိမ်မြောက် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။