လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေရာဒေသအချို့တွင် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များအား ဖြိုခွဲထိန်းသိမ်း

နေပြည်တော်၊ မတ် ၂၇

 

  ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် နိုင်ငံတော်အတွင်းရှိ နေရာအချို့တို့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက်သူများအနေဖြင့် အကြမ်းဖက်မှုပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဂျင်ကလိ၊ မီးစာတပ်ဆင်ထားသည့် ဓာတ်ဆီပုလင်းများ၊ လက်လုပ်မိုင်း၊ လုပ်သေနတ်များဖြင့် ရန်ပြုတိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသည့် လမ်းမကြီး၊ လမ်းသွယ်များအား အသုံးပြု၍မရအောင် အတားအဆီးများ ချထားပိတ်ဆို့ခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အဦများအား အကြောင်းမဲ့ မီးပုလင်း၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းများအား ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။

 

ထိုသို့ပြုလုပ်နေမှုများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဥပဒေနှင့်အညီ ညှိနှိုင်းဖြေလျော့ခြင်း၊ လူစုခွဲရန် အကြိမ်ကြိမ်သတိပေးခြင်း၊ အချို့သောနေရာများတွင် အချိန်ပေးထွက်ခွာသွားစေခြင်း စသည်ဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ဖြေလျော့မှုများ ပြုလုပ်ခဲ့သော်လည်း ဆူပူအကြမ်းဖက်သူများ အနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်မှု လုပ်ရပ်များကိုသာ မင်းမဲ့စရိုက်ဆန်စွာ ထိပ်တိုက်ရင်ဆိုင် ပြုမူဆောင်ရွက်နေကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အချို့သောနေရာများတွင် မလွှဲမရှောင်သာ ခြောက်လှန့်ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အမျိုးသား ၁ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် အမျိုးသား ၄ ဦး၊ မကွေးတိုင်းဒေသကြီးတွင် အမျိုးသား ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသား ၂ ဦး၊ ကချင်ပြည်နယ်တွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိသေဆုံးခဲ့ပါသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုများ၏ အကျိုးစီးပွားတို့ကိုရှေ့ရှု့ကာ လုံခြုံရေးနှင့် တည်ငြိမ်ရေးအကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များအား ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါ သည်။