ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ဆူပူအကြမ်းဖက်သူလူအုပ်စုမှ မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်ယာဉ် ၂ စီးအား အကြမ်းဖက်လုယက်ယူဆောင်

နေပြည်တော်၊ မတ် ၂၇

 

၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဦးဆောင်သူ (စိစစ်ဆဲ) ဆူပူအကြမ်းဖက်သူလူစုလူဝေးအင်အား ၁၅၀၀ ဦးခန့်သည် ဒလမြို့ရှိ မီးသတ်တပ်ဖွဲ့စခန်းအား ဝိုင်းဝန်းပိတ်ဆို့၍ တပ်ဖွဲ့ဝင်များအား အော်ဟစ်ဆဲဆို ခြောက်လှန့်ရန်ပြုကာ စခန်းအတွင်းရှိ မီးသတ်ယာဉ် ၂  စီးအား အကြမ်းဖက်လုယက်ယူဆောင်သွားခဲ့ကြပါသည်။

 

၎င်းနောက် အဆိုပါအကြမ်းဖက်လူအုပ်စုသည် မတ်လ ၂၇ ရက် နံနက် ၂ နာရီ ၁၅ မိနစ် အချိန်တွင် လုယက်ယူဆောင်သွားသည့် မီးသတ်ယာဉ် ၂ စီးအနက်မှ ၁ စီးအားအသုံးပြု၍ ဒလမြို့ရှိ ရဲစခန်းအနီး ဆေးရုံထောင့်သို့ရောက်ရှိလာကာ ရဲစခန်းအား လူအုပ်စုဖြင့်ဝိုင်းရံပိတ်ဆို့ဆူပူအော်ဟစ် ဆဲဆိုကြိမ်းမောင်းပြီး ရဲစခန်းအတွင်းသို့ လေးခွ၊ မီးပုလင်းများဖြင့်  ပစ်ပေါက်ခြင်း၊ ကားတာယာကွင်း များအား မီးရှို့၍ လှိမ့်သွင်းခြင်းများအား အကြမ်းဖက်ရန်ပြုခဲ့ကြပါသည်။

 

ရဲစခန်းအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲရန် အကြိမ်ကြိမ်သတိပေးသော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်ရန်ပြုအကြမ်းဖက်နေသဖြင့် ဥပဒေနှင့်အညီ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နံနက် ၃ နာရီခန့်တွင် လူစုကွဲသွားခဲ့ပြီး အကြမ်းဖက်မှုကြောင့် လူနှင့်အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရပါသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မီးသတ်စခန်းမှ အကြမ်းဖက်လူ အုပ်စုများ လုယက်ယူဆောင်သွားသည့် မီးသတ်ယာဉ် ၂ စီးအား ပြန်လည်သိမ်းဆည်းနိုင်ရေး မြို့အတွင်း လိုက်လံရှာဖွေခဲ့ရာ နံနက် ၇ နာရီ ၅ မိနစ်အချိန်တွင် ကမာကစွယ်ရပ်ကွက်၊ ဗိုလ်တေဇ အားကစားကွင်းအတွင်း၌ ရပ်တန့်ထားသည်ကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ပြီး ရဲစခန်းဝင်းအတွင်း၌ ခေတ္တထိန်းသိမ်းထားရှိကြောင်း သိရှိရကာ ဆူပူအကြမ်းဖက်၍ မီးသတ်ယာဉ်လုယက်ယူဆောင် သွားသူများနှင့် ပူးပေါင်းပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။