နေပြည်တော်၊ မတ် ၂၇
၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက် ည ၉ နာရီအချိန်တွင် မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ တွဲဘက် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များအား တန်းစီလူစစ်ဆေးရာ ရဲတပ်သား သိန်းထွန်း (၂၅)နှစ်နှင့် ရဲတပ်သား သန်းစိုးအောင် (၂၃)နှစ်တို့သည် တန်းစီပျက်ကွက်လျက်ရှိသဖြင့် မြို့အတွင်းနှင့် ၎င်းတို့သွားလာတက်သည့်နေရာများအား လိုက်လံစုံစမ်းရာ ည ၁၁ နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ အေးငြိမ်းသီတာစက်ရုံလမ်း၌ အမည်မသိ လူတစ်စုမှ ဆိုင်ကယ် ၁ စီးနှင့် လူ ၂ ဦး အား ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိခဲ့ရပါသည်။
မတ်လ ၂၆ ရက် နံနက် ၁ နာရီအချိန်ခန့်တွင်ဖမ်းဆီးခံထားရသူ ၂ ဦးအား စက်မှုဇုန်ရပ်ကွက်၊ ဆားကျင်းသုသာန်ဘက်သို့ ဦးဆောင်သူနှင့်အင်အား(စိစစ်ဆဲ) ဆိုင်ကယ် ၂၀ စီး ခန့်မှ ခေါ်ဆောင်သွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေခဲ့ရာ နံနက် ၃ နာရီ ၂၀ မိနစ်ခန့်တွင် ဆားကျင်းသုသာန်အနီး လမ်းဘေး၌ ဆိုင်ကယ် ၁ စီးနှင့်အတူ ရဲတပ်သား သိန်းထွန်းနှင့် ရဲတပ်သား သန်းစိုးအောင်တို့ ၂ ဦးအား ဦးခေါင်း နောက်စေ့၊ လည်ပင်း၊ မျက်လုံးဘေး ပြတ်ရှဒဏ်ရာများ၊ ရင်ဘက်/ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိခဲ့ရသဖြင့် မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပါသည်။
ရဲတပ်ဖွဲ့ဝင် ၂ ဦး အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက် စုံစမ်းရာ ဝေမိုးနိုင် (၂၆)နှစ် (ဘ) ဦးကိုကိုနိုင်၊ ဗမာ/ဗုဒ္ဓ၊ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ဥက္ကဌဟောင်း)၊ ဆူးလေကုန်းရပ်ကွက်၊ မုံရွာမြို့နေသူနှင့် တရုတ်ကြီး(စိစစ်ဆဲ)တို့ ၂ ဦး ဦးဆောင်သော အကြမ်းဖက် အဖွဲ့က ရဲတပ်ဖွဲ့ဝင် ၂ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိသော တရားခံဝေမိုးနိုင်၊ တရုတ်ကြီးတို့ ၂ ဦးနှင့် အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုဖွင့်လှစ်ထားရှိပြီး စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။