(၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်လာကြသူများ၏စကားသံများ

မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာခဲ့ပြီးသစ္စာ ၄ ချက် ဦးထိပ်ရွက်ရင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားတို့အတွက် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေသည့် မြန်မာ့တပ်မတော်ကြီးသည် (၇၆)နှစ်မြောက်တိုင်ခဲ့ပြီဖြစ်ပြီး အဆိုပါ(၇၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်ရှိ စစ်ရေးပြကွင်းကြီးတွင်ကျင်းပပြုလုပ်ရာ အဆိုပါ အခမ်း အနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဦးဉာဏ်လင်းဦး

(ပန်ဆေးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်)

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျွန်တော့်နာမည်က ဦးဉာဏ်လင်းဦးပါ။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပန်ဆေးပြည်သူ့စစ်ကိုယ်စားပြု ပန်ဆေးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ကျွန်တော်အခုလို (၇၆)နှစ် မြောက် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ခွင့်ရမယ်လို့အစက မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်နေ့ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားစာရတော့ အရမ်းဂုဏ်ယူမိပါတယ်။ အဲဒါကြောင့် ဖိတ်စာရရချင်း ချက်ချင်းပြင်ဆင်ပြီးတော့ လာရောက်တက်ရောက် တာဖြစ်ပါတယ်။ ကျွန်တော်အခမ်းအနားကိုတက်ရောက်တော့ ဝင်ဝင်ချင်း၊ စစ်ရေးပြအဖွဲ့ထဲမှာ ဝတ်စုံမတူ တာတွေကို တွေ့ရပါတယ်။ခေတ်သုံးခေတ်ရဲ့ စစ်ရေးပြဝတ်စားဆင်ယင်ခြင်းများ အခမ်းအနားကို တွေ့မြင် ရတဲ့အတွက် အရမ်းကိုဂုဏ်ယူမိပြီး ဝမ်းသာပီတိဖြစ်ရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆင့် ဆင့်လမ်းညွှန်မိန့်ကြားချက်များနဲ့အတူ ကျွန်တော်တို့နယ်ခြားစောင့်တပ်ဖွဲ့က နိုင်ငံတော်အတွက် တစ်ထောင့် တစ်နေရာကနေ အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။

(၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် ပြောမပြနိုင်လောက်အောင်ပါပဲ အများကြီးဝမ်းသာပီတိဖြစ်ရပါတယ်။

ဗိုလ်ကြီးသိန်းမြင့်(ငြိမ်း)

စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ

ဒီ (၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားဟာ ကျွန်တော်တို့တပ်မတော်ကြီးရဲ့ အခမ်းအနားပါ။ တပ်မတော်ကြီးရဲ့ အရန်အင်အားဖြစ်တဲ့ ကျွန်တော်တို့ စစ်မှုထမ်းဟောင်းများ တက်ရောက်ရတဲ့အတွက်   အလွန်ကို ဂုဏ်ယူဝမ်းသာပါတယ်။ (၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ ခေတ်သုံးခေတ်ရဲ့ စစ်ရေးပြဝတ်စားဆင်ယင်မှုပုံစံတွေကို တွေ့မြင်ရတဲ့အတွက် ကျွန်တော်တို့ခေတ်သုံးခေတ်မှာ မီတာရှိသလို၊ မမီတာလေးတွေမြင်ရတော့ ထူးထူးဆန်းဆန်းလေးလည်းရှိပါတယ်။

မြင်ရသူအပေါင်းကိုလည်း ဘာပဲပြောပြောပြည်သူတစ်ဦးအနေနဲ့ကြည့်ရင် စိတ်ဝင်စားဖွယ်ရာ ပုံစံလေးတွေ မြင်ရတဲ့တွက် အထူးကျေးဇူးတင်ပါတယ်။

ဗိုလ်ကြီးဇော်ဝင်း(ငြိမ်း)

(စစ်မှုထမ်းဟောင်းအတွင်းရေးမှူး)

စစ်မှုထမ်းဟောင်း ဗဟိုဌာနချုပ်ကနေပြီးတော့ ကျွန်တော်တို့ကို (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတက်ရောက်ဖို့အတွက် ကိုယ်စားလှယ်အနေနဲ့ ရွေးချယ်ခဲ့လို့ တက်ရောက်ခွင့်ရခဲ့တာပါ။ ဒီအခမ်းအနားကို တက်ရောက်ရတဲ့အတွက်  ကျွန်တော်တို့ စစ်မှုထမ်းဟောင်းတွေအားလုံးရဲ့ကိုယ်စား အခုလို ဖိတ်ကြားပေးတဲ့အတွက် အထူးပဲဝမ်းသာဂုဏ်ယူမိပါတယ်။ ကျေးဇူးလည်းတင်ရှိပါတယ်။

ရေကြောင်းလူငယ်ကျောင်းသူသမီးကတော့ ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီရေတပ်စခန်းကနေလာပြီး တက်ရောက်တာဖြစ်ပါတယ်။ (၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို ရေကြောင်း လူငယ်တစ် ယောက်အနေနဲ့ လာရောက်တက်ရောက်တာဖြစ်ပါတယ်။ ဒီ(၇၆)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားက  အရမ်းကိုထူးခြားပါတယ်။ တပ်မတော်ရဲ့ ခေတ်သုံးခေတ်ကိုလည်း  ပြသထားတယ်။ အဲဒီအတွက် ဗဟုသုတ တွေလည်း အများကြီးရပါတယ်။ အခုလိုမျိုး တပ်မတော်နေ့ကို တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ နောင်လာမယ့် ညီငယ်၊ ညီမငယ်များကိုလည်း ရေကြောင်းလူငယ်သင်တန်းကိုဝင်ပြီးတော့ တက်ရောက် ကြပါလို့၊ ရေကြောင်းလူငယ်သင်တန်းမှာဆိုရင် ရေတပ်နဲ့ပတ်သက်ပြီး ဗဟုသုတတွေအများကြီး ရရှိပါတယ်။ အခုလိုမျိုးတပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ရတဲ့အတွက်လည်း  ပိုပြီးတော့  အမြင်ကျယ်ပြန့်ပြီး ဗဟုသုတလည်းရရှိပါတယ်။ အခုလိုမျိုး အခမ်းအနားအပြင်အဆင်များကို မမြင်ဘူးတဲ့ စစ်ရေးပြဝတ်စုံတွေ၊  အင်အားတွေ၊ စစ်လက်နက်ပစ္စည်းများနဲ့ ပတ်သက်တာကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိခွင့်ရပါတယ်။ ကျေးဇူးတင်ပါတယ်။

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းသူစစ်ကိုင်း၊ ရွာသစ်ကြီး၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကနေလာပြီး တက်ရောက်တာဖြစ်ပါတယ်။ သမီးက ကချင် လူမျိုးဖြစ်ပါတယ်။  ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ဟာ တပ်မတော်နေ့အခမ်း အနားမှာ တက်ရောက်ဖို့အတွက် နှစ်စဉ်နှစ်တိုင်းဖိတ်ကြားခြင်းခံရတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။  ဒီနှစ်မှာ ဆိုရင် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ဖို့ သမီးက ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးရေးတက္ကသိုလ်ရဲ့ ကျောင်းသူကိုယ်စားပြုတစ်ဦးအနေနဲ့ တက်ရောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။   သမီး အနေနဲ့ ပထမဦးဆုံးဒီအခမ်းအနားကို တက်ရောက်တာဖြစ်ပါတယ်။ သမီးရဲ့ကိုယ်ပိုင်အမြင်နဲ့ ပြောရမယ် ဆိုရင် ပြည်ထောင်စုမြန်မာ့တပ်မတော်ကြီးက နိုင်ငံတော်ကြီးကို ကာကွယ်ဖို့အတွက်   ကမ္ဘာ့အဆင့်အတန်း မီတယ်လို့ ခံယူထားပါတယ်။ ကျေးဇူးတင်ပါတယ်။

ရေကြောင်းလူငယ်ကျောင်းသား

(၇၆)နှစ်မြောက်  တပ်မတော်နေ့ကို တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီအခမ်းအနား ကို တက်ရောက်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ တစ်ခါမှမမြင်ဖူး မတွေ့ဖူးတဲ့ အတွေ့အကြုံအသစ် အဆန်းတွေရရှိပါတယ်။ အခုတွေ့မြင်ရတဲ့ ခေတ်မီတင့်ကားကြီးတွေ၊ လက်နက်တွေက ခေတ်မီတပ်မတော် အတွက်လိုအပ်ပါတယ်။ မြန်မာ့တပ်မတော်အတွက်လည်း အများကြီး ဂုဏ်ယူလေးစားမိပါတယ်။

ဒုတိယရဲအုပ်စုစုဇော်

(စစ်သည်တေး ဒုတိယဆု)

ကျွန်မက (၇၆)နှစ်မြောက် တပ်မတော်နေ့မှာ စစ်သည်တေး(ဒုတိယဆု) ရရှိတဲ့ အတွက် ဖိတ်ကြားခြင်းခံရလို့ ဒီနေ့အခမ်းအနားကို တက်ရောက်ခြင်းဖြစ်ပါတယ်။ ဒီနေ့(၇၆)နှစ်မြောက် အခမ်းအနားမှာတော့ ကျွန်မတို့ မမီခဲ့တဲ့ ခေတ်သုံးခေတ်ရဲ့ စစ်ဝတ်တန်ဆာတွေကို မြင်တွေ့ရတဲ့အတွက် အမြင်လည်းဆန်းပါတယ်။ ပိုပြီး ဗဟုသုတရပါတယ်။ ကျွန်မက ငယ်ငယ်လေးကတည်းက စစ်တက္ကသိုလ်ကျောင်းဆင်းပွဲတွေဆိုလည်း ကြည့်ဖြစ်ခဲ့ပါတယ်။ စစ်သီချင်းသံကြားရင်ကို အရမ်းကြည်နူးတာဆိုတော့ ဒီလိုအခမ်းအနားထဲရောက်နေတဲ့ ခံစားမှုမျိုးကို အရမ်းကြည်နူးဝမ်းသာမိပါတယ်။ နှစ်တိုင်းလည်း တက်ရောက်ခွင့်ရချင်ပါတယ်။

လေကြောင်းလူငယ်ကျောင်းသူ

(တောင်ငူလေတပ်စခန်း)

သမီးကတော့ တောင်ငူလေတပ်စခန်းကနေ လာရောက်ပြီးတော့ ဒီအခမ်းအနားကို တက်ရောက်ခြင်း ဖြစ်ပါ တယ်။ သမီးတို့အနေနဲ့  သမီးတို့နိုင်ငံရဲ့  တပ်မတော်အင်အား၊  စည်းစနစ်ကျနမှုတို့ကို  ဒီနေ့ အခမ်းအနားမှာ တွေ့ရပါတယ်။ လူတိုင်းတက်ရောက်ခွင့်မရတဲ့ ဒီနေ့အခမ်းအနားကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီအတွက် လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။   ။

ကျော်လွင်၊ လဲ့ရည်လှိုင်