မြို့နယ်အချို့တို့၌ လေသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့လာရောက်အပ်နှံ

နေပြည်တော်၊ မတ် - ၂၈
    
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူ အကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များကိုင်ဆောင်နေကြောင်း သတင်းအရ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံ ပြည်သူများကို တရားမဝင်လက်နက် ကိုင်ဆောင်ခြင်းသည် တရားဥပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားသည်။
    
ယင်းသို့ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည်သဘော ပေါက်ကာ လက်လုပ်သေနတ် ၁၂ လက်နှင့် အခြားအန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများအား ၎င်းင်းတို့သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့ကြသည်။
    
အလားတူ မတ် ၂၇ ရက်နှင့် ယနေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ သာပေါင်းမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ကျောင်းကုန်းမြို့၊ ကျုံပျော်မြို့နယ်နှင့် မော်လမြိုင် ကျွန်းမြို့များရှိ ကျေးရွာအချို့တို့မှဒေသခံပြည်သူများက လက်လုပ်သေနတ် ၄၂ လက်၊ လေသေနတ် ၈ လက်နှင့် အခြားအန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများအား ၎င်းတို့သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက်အပ်နှံခဲ့ကြ ကြောင်းသတင်းရရှိသည်။