တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူလူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက် လက်ခံကုသ

နေပြည်တော် မတ် ၂၉

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၀၂၂၁၃ ဦး၊ အတွင်းလူနာ ၄၁၈၁ ဦးကို တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။

ထိုသို့လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၄၇၈၅ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၂၅၂၅ ဦး၊ စုစုပေါင်း၇၃၁၀ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်းပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲ ဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက်၂၅၅၇ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၃၉၄၅ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၆၅၀၂ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

ယင်းသို့ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှု အခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။