နေပြည်တော် မတ် ၂၉
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်အတွင်းရှိ သံဃာတော် ၁၁၁ ပါးအား အဆိုပါကျောင်းတိုက်ရှိ သီရိမင်္ဂလာအနန္တ ဂုဏ်ရည်ငါးထပ်ကျောင်းဆောင်၌ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အတူပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညိုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။