(၂၀၂၁ ခုနှစ်၊ မတ် ၃၀ ရက်)
ဗုဒ္ဓဘာသာသာသနာကို ယုံကြည်ကိုးကွယ် စောင့်ရှောက်ကြသော အစိုးရမင်းများ လက်ထက်တွင် မြန်မာတို့သည် ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်းနှင့်ရေတွင်းရေကန်တူးဖော်ခြင်းတို့ကို မြတ်မြတ်နိုးနိုး လုပ်ဆောင်လေ့ရှိပါသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖူးတွေ့ရသော ဘုရား၊ ပုထိုး၊ စေတီများသည် သာသနာပြု မင်းကောင်းမင်းမြတ်တို့ကြောင့် ပေါ်ထွန်းလာခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သားသမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာသို့ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူပြုစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်း၌ တည်ထားရေး ဆောင်ရွက်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး စကျင်တောင်မှ ထွက်ရှိသည့် စကျင်ကျောက်တော်ကြီးအား ရုပ်ပွားတော်ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် တည်ထားကိုးကွယ်မည် ဖြစ်ပါသည်။ နေပြည်တော်သို့ ဗုဒ္ဓရုပ်ပွားတော်လောင်းလျာ အစိတ်အပိုင်းများ အားလုံးရောက်ရှိပါက ပြန်လည်တွဲဆက်ခြင်း လုပ်ငန်းများကို ခိုင်ခိုင်မာမာဖြစ်အောင် အဆင့်မြင့်နည်းပညာများဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး CNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ဆင်းတုတော်ကြီး တည်ထားမည့် ဥယျာဉ်တော် အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ သုဓမ္မာဇရပ်၊ ပုတ်တလုတ်ရေကန်၊ ရေပန်းများကို ရတနာပုံခေတ်လက်ရာများအတိုင်း ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ပါသည်။ ဂန္ဓကုဋိတိုက် အတွင်း၌လည်း ဗုဒ္ဓယဉ်ကျေးမှုများ၊ ဗုဒ္ဓဝင်များကို စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်သွားမည် ဖြစ်ပါသည်။ ခန့်မှန်းကုန်ကျ စရိတ်အနေဖြင့် ငွေကျပ်သန်းပေါင်း ၃၅၃၇၈ ဒသမ ၆ သန်း၊ အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၄ သန်းခန့်ကုန်ကျမည် ဖြစ်ကြောင်း သိရှိရသည်။
လူ့ဘဝရလာခိုက်တွင် ကြုံတောင့်ကြုံခဲသော ဘုရားစေတီ တည်ထားခိုက်နှင့် ကြုံရခြင်းမှာ မိမိအတွက် အကျိုးထူးဖြစ်သည်။ ယခုတည်ထားမည့်ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံး များနှင့်အညီ တည်ဆောက်မည် ဖြစ်ပါသည်။
ထိုသို့တည်ဆောက်ရာတွင် တည်ဆောက်ရေး လုပ်ငန်းများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပူဇော်သွားမည် ဖြစ်ပါသည်။
ဘူမိဖဿမုဒြာကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံသို့ တင်ပြလျှောက်ထားသြဝါဒခံယူခြင်း၊ သီတဂူဆရာတော်ကြီး၊ ရွှေသုဝဏ်ဆရာတော်ကြီး၊ ပါမောက္ခချုပ် ဆရာတော်ကြီးနှင့် ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော်တို့ထံမှ သြဝါဒခံယူခြင်းများ ဆောင်ရွက်ပြီး ဆရာတော်ကြီးများ၏ မိန့်ကြားချက်နှင့်အညီ တည်ဆောက်မည် ဖြစ်ပါသည်။ ရုပ်ပွားတော်မြတ်ကြီးထုဆစ် ပူဇော်ရာတွင် မြတ်စွာဘုရား၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်မည်ဖြစ်ပါသည်။ ဆင်းတုတော်ကြီး တည်ထားကိုးကွယ်ပြီးစီးပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံး၊ ဉာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ဖြစ်လာမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စေတနာရှင်ဘုရားဒါယကာ၊ ဒါယိကာမများအနေဖြင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် အလှူငွေများအား နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး လုပ်ငန်းသို့ ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်ရေးသား လိုက်ရပေသည်။ ။