နေပြည်တော်၊ မတ် ၃၀
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်ဆန္ဒပြသူများ ပြုလုပ်ထားရှိသည့် အတားအဆီးများအား ရှင်းလင်းဖယ်ရှားစဉ် အကြမ်းဖက်သူလူစုလူဝေးမှ လေးခွ၊ ဂျင်ကလိများဖြင့် အကြမ်းဖက်ရန်ပြုခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်စဉ် ဆူပူအကြမ်းဖက်သူလူအုပ်စုအတွင်းမှ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မတ်လ ၃၀ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်တွင် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်း၌ ဆူပူအကြမ်းသူများ ပြုလုပ်ထားရှိသည့် အတားအဆီး များကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ရှင်းလင်းဖယ်ရှားနေစဉ် ဦးဆောင်သူ (စိစစ်ဆဲ) အနက်ရောင်များဝတ်ဆင်ထားသည့် အကြမ်းဖက်သူ လူစုလူဝေးအင်အား ၆၀ ဦး ခန့်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂျင်ကလိ၊ လေးခွ၊ မီးပုလင်းများဖြင့် အကြမ်းဖက်ပစ်ပေါက် တိုက်ခိုက် ခဲ့သဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ နေ့လည် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး အကြမ်းဖက်သူလူအုပ်စုအတွင်းမှ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လိုအပ်သောဆေးကုသမှုခံယူနိုင်ရေး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အလားတူ ယနေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆူပူအကြမ်းဖက်သူ လူစုလူဝေးအား ဖြိုခွဲထိန်းသိမ်းစဉ် ဆူပူအကြမ်းဖက်သူ အမျိုးသား ၁ ဦးသေဆုံး၍ အမျိုးသား ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် တောင်ဒဂုံမြို့နယ်၊ (၁၀၄/၁၀၇) ရပ်ကွက်၌ ဦးဆောင်သူ (စိစစ်ဆဲ)ဆူပူအကြမ်းဖက်သူလူစုလူဝေးအင်အား ၅၀ ဦး ခန့်သည် အများပြည်သူသွားလမ်းမကြီးအား အတားအဆီးများဖြင့် ပိတ်ဆို့၍ ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါအခြေအနေအား ထိန်းသိမ်း နိုင်ရေး သွားရောက်ခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူဆန္ဒပြသူလူစုလူဝေးအား လူစုခွဲနိုင်ရေး ဥပဒေနှင့်အညီ ဖြေလျော့ခဲ့သော်လည်း ၎င်းတို့မှ လိုက်နာမှုမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်သေနတ်၊ လေးခွ၊ ဂျင်ကလိများဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နေ့လည် ၁၁ နာရီအချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူလူစုလူဝေးအတွင်းမှ အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိ သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးအား ကော်ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်သေနတ် ၃ လက်၊ သံချွန် ၃ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်း လက်လုပ်မိုင်းများ ပြုလုပ်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် သွားရောက် စစ်ဆေးရှာဖွေရာ ၁၂ လမ်း အနောက်ထိပ်၊ ကံကော်အိမ်ရာ ၌ အမျိုးသား တစ်ဦးအား ဒေသန္တရလက်လုပ်မိုင်း ၂ လုံးနှင့်အတူတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိမ်းသိမ်းစဉ် အဆိုပါအမျိုးသားမှ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန်ပစ်ခတ်ခဲ့ရာ ၎င်းအား လက်လုပ်မိုင်း ၁ လုံးနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်များတွင် သေဆုံးမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။