ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာနှင့် ပျဉ်းမနား ဘိုးဘွားရိပ်သာများသို့ ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၃ဝ

   

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာနှင့် ပျဉ်းမနားဘိုးဘွားရိပ်သာတို့သို့ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးများပေးအပ်ခြင်းအခမ်းအနားကို ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၌ ကျင်းပသည်။

   

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ ကာကွယ် စောင့်ရှောက်ရမည့်အုပ်စုများ ဖြစ်သည့် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းများ အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးမူဝါဒများချမှတ်၍ စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ မူဝါဒများ၊ မဟာဗျူဟာများအပြင် ဥပဒေများ၊ နည်းဥပဒေများချမှတ်၍ ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ နည်းပညာ အကူအညီများပေးအပ်ခြင်းတို့ကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သက်ကြီး ရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် ယခုကဲ့သို့ စေတနာ့ဝန်ထမ်းလူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များမှ ဖွင့်လှစ်ထားရှိသော ဘိုးဘွားရိပ်သာများအား တည်ထောင်ခွင့်ပြုမိန့်များ ပေးအပ်ခြင်း၊ စောင့်ရှောက်ထားရှိတဲ့ လူဦးရေအပေါ်မူတည်၍ ဆန်၊ စားစရိတ်၊ ဝတ်စရိတ်နှင့် ဂေဟာမှူးလစာများ ပေးအပ်ခြင်းတို့ကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများတွင်ပါဝင်သည့် ဂေဟာတည်ထောင်ဖွင့်လှစ်ခြင်း နည်းလမ်းအပြင် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာဖွင့်လှစ်ပေးခြင်း၊ ရပ်ရွာအခြေပြု ပြုစုစောင့်ရှောက်ခြင်း၊ မိသားစုအိမ်အခြေပြု ပြုစုစောင့်ရှောက်ခြင်း နည်းလမ်းများကိုလည်း နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ပေးလျက်ရှိပါကြောင်း၊ ခေတ်ကာလနှင့် လျော်ညီသည့် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးသင်တန်းများကို ရန်ကုန်မြို့၊  သက်ကြီး ရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေးဌာနတွင် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိသည့်အတွက် ဂေဟာ/ ရိပ်သာ တာဝန်ခံများတက်ရောက်နိုင်ပါရန် တိုက်တွန်းလိုပါကြောင်း။

   

Covid-19  ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် CERP (COVID-19 Economic Relief Plan) အရ တစ်နိုင်ငံလုံးရှိ အသက် ၈၀ နှစ် မှ ၈၄ နှစ်အထိ ဘိုးဘွား (၂၉၃၄၅၇) ဦးကို တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့်တစ်ကြိမ် ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ ဘိုးဘွားရိပ်သာ (၈၃)ခုရှိ ဘိုးဘွားတစ်ဦးလျှင်တစ်နေ့ ငွေကျပ်(၅၀၀)နှုန်းဖြင့် ရက်(၃၀)စာအတွက် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားဦးရေ (၃၀၃၃) ဦးအတွက် ငွေကျပ်(၄၅ ဒသမ ၄၉၅) သန်းကိုလည်း ထောက်ပံ့ပေးအပ် နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုရေးပင်စင်ကို ထောက်ပံ့ပေးအပ် လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ ()လပတ်အတွင်း အကျိုးခံစားခွင့်ရှိသူ အသက် (၈၅)နှစ်အထက် ဘိုးဘွားပေါင်း (၂၄၉၂၄၁)ဦးကို တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၇၄၇၇ ဒသမ ၂၃) ကျပ်သန်းကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူဦးရေအချိုးအစားအရ သက်ကြီးရွယ်ဦးရေမှာ တစ်နှစ်ထက်တစ်နှစ်မြင့်တက်လျက်ရှိပြီး မွေးဖွားနှု န်းများ ကျဆင်းလာတဲ့အတွက်ကြောင့် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးလုပ်ငန်းမှာ အရေးကြီး သည့် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြောင်းလဲလာသည့် လူဦးရေ အချိုးအစားအရ သက်ကြီးရွယ်အိုပြုစု စောင့်ရှောက်ရေးလုပ်ငန်းများတွင် နည်းစနစ်ကျနစွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများလည်း တိုးချဲ့ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဘိုးဘွားရိပ်သာများရှိ ပြုစုစောင့်ရှောက်ထားရှိသော ဘိုးဘွားများအပါအဝင် တစ်နိုင်ငံလုံး ရှိ ဘိုးဘွားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် မြန်မာ့နှစ်သစ်ကိုကြိုဆို၍ ကောင်းမှုကုသိုလ်များ တိုးပွားဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာများပို့သ၍ ဂါရဝပြုပါ ကြောင်း ပြောကြားသည်။

   

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ထောက်ပံ့ကြေးများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကရုဏာကမ္ဘာဘိုးဘွားရိပ်သာနှင့် ပျဉ်းမနားဘိုးဘွားရိပ်သာတို့မှ တာဝန်ရှိသူများထံသို့ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ကြေးများပေးအပ်ခဲ့ရာ ဘိုးဘွားရိပ်သာများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

   

ထို့နောက် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ဗိုလ်ချုပ်သိန်းထွန်း(ငြိမ်း)နှင့်  ပျဉ်းမနားဘိုးဘွားရိပ်သာ၊ ကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး၊ ဦးမိုးဇော်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဧည့်သည် တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

   

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဘိုးဘွားရိပ်သာအတွင်းသို့ လှည့်လည်ကြည့်ရှုပြီး ဘိုးဘွားများကို ဂါရဝပြုလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ဂုဏ်ပြုအားပေးစကား ပြောကြားခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။