ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ မတ် - ၃၀

   

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား  Covid-19 ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ကလောမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့၊ ရွာငံမြို့နယ်၊ ပင်လောင်းမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရေကြည်မြို့၊ မြောင်းမြမြို့၊ ကြံခင်းမြို့နှင့် ပန်းတနော်မြို့များအတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နှင့် ဖလမ်းမြို့နယ်များရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အတူပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး Covid-19 ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

   

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။