ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား အကြမ်းဖက်သမားများမှ ရှော့တိုက်ဒုံးဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ မတ် ၃၀

    ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ပဲခူးမြို့၊ တောင်သူစု ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ရုံး၏ ဘယ်ဘက်ထောင့်ရှိ အမှိုက်ပုံအနီးမှ ရှော့တိုက်ဒုံးဖြင့် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ ထိုသို့ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရုံးခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် (၅)ဦးတို့မှာ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြသည်။

    ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ပြီး တစ်ချိန်တည်းတွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၁၀၀ ဦးခန့်သည် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ဝိုင်းရံပိတ်ဆို့ အော်ဟစ်ဆဲဆိုကာ လေးခွ၊ ဂျင်ကလိ၊ လက်လုပ်သေနတ်များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ခြောက်လှန့် ပစ်ခတ်လူစုခွဲခဲ့ရာ နေ့လည် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပါသည်။

   လူစုကွဲပြီးနောက် ရုံးပတ်ဝန်းကျင် နေရာတစ်ဝိုက်အား ရှာဖွေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ရုံးဘယ်ဘက်ထောင့် မီတာ ၆၀၀ ခန့်အကွာ အမှိုက်ပုံမှ အလျား ၃ ပေခွဲ၊ အချင်း ၂ လက်မရှိ သံပိုက်လုံး ၂ လုံး၊ ၁၂ ဗို့ ဘတ္ထရီအိုးငယ် ၂ လုံးနှင့် အဆိုပါနေရာမှ မီတာ ၄၀၀ ခန့်အကွာတွင် မပေါက်ကွဲသေးသည့် ဒုံးသီး ၁ လုံးအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

    ဖြစ်စဉ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ရှော့တိုက်ဒုံးဖြင့် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့သူများနှင့် ပူးပေါင်းပါဝင် ပတ်သက်သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုအပ်သော ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများအား ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး သတင်း ထုတ်ပြန်အပ်ပါသည်။