နေပြည်တော် မတ် ၃ဝ
ဆူပူအကြမ်းဖက်သူ လူစုလူဝေးများ အနေဖြင့် အကြမ်းဖက် လုပ်ရပ်များအား တစ်နေ့ ထက်တစ်နေ့ ပိုမိုလုပ်ဆောင်လာနေကြပြီး ၂ဝ၂၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၌ မြို့နယ် အချို့ရှိ နိုင်ငံတော်ပိုင် အဆောက်အဦများ၊ ယာဉ်/ယန္တရားများကို မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့ဖျက်ဆီးမှုလုပ်ရပ်များ လုပ်ဆောင်လာခဲ့ရာတွင် မတ်လ ၃ဝ ရက် နံနက် ၂ နာရီ ၂ဝ မိနစ်အချိန်တွင် စမ်းချောင်းမြို့နယ်၊ စမ်းချောင်းမြောက်ရပ်ကွက်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား အကြမ်းဖက်သူ အင်အား (စိစစ်ဆဲ)က ဓာတ်ဆီပုလင်း ၅ လုံးအား မီးရှို့၍ ပစ်ပေါက်ထွက်ပြေး သွားခဲ့သဖြင့် ရွေးကောက်ပွဲကော်မရှင်ရုံးရှိ ဆိုင်းဘုတ် ၁ ခု မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
အလားတူ နံနက် ၂ နာရီ ၄၅ မိနစ် အချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား အကြမ်းဖက်သူအင်အား ၈ ဦးခန့်က ဓာတ်ဆီပုလင်းများအား မီးရှို့၍ပစ်ပေါက် ထွက်ပြေးသွားခဲ့သဖြင့် အဆိုပါမီးပုလင်းများ မှာ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံးအတွင်း ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့ပြီး နံနက် ၂ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ ကြောင်းနှင့် မီးလောင်မှုကြောင့် ရုံးအတွင်း ရှိ ပလတ်စတစ်ထိုင်ခုံ ၆ လုံး၊ စာရွက်စာ တမ်းများ မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
အလားတူ နံနက် ၁ဝ နာရီခွဲအချိန်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ကံ့ကော်မီးပွိုင့်ရှိ အချက်ပြ မီးထိန်းချုပ်ခန်း အဆောက်အဦအား ဦးဆောင်သူ(စိစစ်ဆဲ) အကြမ်းဖက်သူ လူစုလူဝေးအင်အား ၃ဝ ဦးခန့်မှ မှန်များ ရိုက်ခွဲ၍မီးရှို့နေကြောင်း သတင်းအရ လုံခြုံ ရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် အခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများမှ တုတ်၊ အုတ်ခဲ၊ ဂျင်ကလိများဖြင့် အကြမ်းဖက်ပစ်ခတ်ရန်ပြုခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက် များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ နေ့လယ် ၁၁ နာရီတွင် လူစုကွဲသွားခဲ့ပြီး အကြမ်းဖက်သူများမီးရှို့ဖျက်ဆီးမှုကြောင့် မီးပွိုင့်အချက်ပြမီး ထိန်းချုပ်ခန်း အဆောက် အဦ၏ မှန် ၂ ချပ်ကွဲပြီး အဆောက်အဦ အတွင်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
အလားတူ နံနက် ၁ဝ နာရီ ၄၅ မိနစ် အချိန်တွင် စဉ့်ကိုင်မြို့နယ်၊ ရဲစုကျေးရွာ အနီးတွင် မြေတူးစက် ၁ စီးမီးရှို့ဖျက်ဆီး ခံထားရကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ရဲစုကျေးရွာအနီး တွင် ရေနုတ်မြောင်း တူးဖော်နေသည့် စဉ့်ကိုင်မြို့နယ် စည်ပင်သာယာရေး ဌာနပိုင် မြေတူးစက်ငယ်တစ်စီး ဖြစ်ကြောင်း တွေ့ရှိရပြီး အကြမ်းဖက်သူလူစုမှ မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှုကြောင့် ယာဉ်၏ အစိတ်အပိုင်းအများစု မီးလောင်ခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၅ဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိခဲ့ရပါသည်။
အထက်ပါဖြစ်စဉ်များအတွင်း အကြမ်း ဖက်မှုလုပ်ရပ်ကျူးလွန်ခဲ့သူများအား ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။