မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ရဲစခန်းတစ်ခုမှ ရဲအရာရှိတစ်ဦးအား မီးရှို့ သတ်ဖြတ်မှုမှ ထပ်မံဖော်ထုတ်ရရှိသည့် သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ် ၃၁
    
၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်ရှိ ရဲစခန်းတစ်ခုမှ ရဲအရာရှိ တစ်ဦးသည် အကျဉ်းဦးစီးဌာနသို့ စာရွက်စာတမ်းများပို့ဆောင်ရန်(အရပ်ဝတ်)ဖြင့် ဆိုင်ကယ်စီးနင်း ကာ ကမ်းနားလမ်းအတိုင်း သွားရောက်ခဲ့စဉ် ဆူပူအကြမ်းဖက်အဖွဲ့အင်အား ၂၀၀ ဦးခန့်မှ ဖမ်းဆီး ကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်းနှင့် သတ်ဖြတ်မှုကျူးလွန်သူများကို အကြမ်းဖျင်းဖော်ထုတ်ရရှိချက် အား  သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
    
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားချိန်မှစတင်ကာ ပြစ်မှုတွင် ပါဝင်သူများအား စိစစ်ဖော်ထုတ်ခြင်းများဆောင်ရွက်စဉ် လူသတ်မှုတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူ ငြိမ်းမင်းသူ(ခ) ကျော်မဲ၊ (ဘ)ဦးမြင့်စိုး၊ သရက်တစ်ပင်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူအား မတ်လ ၃၁ ရက်နေ့ တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတရားခံဖြစ်သူအား စစ်ဆေးဖော်ထုတ်ချက်အရ သေဆုံးသူ ရဲအရာရှိအား ၎င်းကိုယ်တိုင် ဓားဖြင့် ၁ ချက်ခုတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည့်အပြင် သေဆုံးသူ ရဲအရာရှိစီးနင်းလာသည့် ဆိုင်ကယ်အား ဝိုင်းဝန်းတားဆီးကာ ပိုက်ဆံနှင့် လက်စွပ်ကိုလုယူ ခဲ့ကြကြောင်း၊ ထို့နောက် ၎င်းအပါအဝင် လူဦးရေ ၁၀၀ ဦးခန့်က ရဲအရာရှိအား ဖမ်းဆီး ခေါ်ဆောင်ကာ တုတ်၊ ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်းများပြုလုပ်ခဲ့ပြီး မီးပုလင်းဖြင့် ပစ်ပေါက်မီးရှို့ကာ တာယာကွင်း များ၊ ခုံများ စုပုံမီးရှို့ထားရှိခဲ့ကြောင်း သိရှိရသည်။
    
ဝိုင်းဝန်းသတ်ဖြတ်ရာတွင် ပါဝင်သူများအနေဖြင့် သရက်တစ်ပင်မြောက်ပိုင်းနေ အာကြီး (၃၅)နှစ်၊ ရန်ရှင်း(၂၅)နှစ်၊ စည်သူအောင်(၃၀)နှစ်၊ မင်းတဲအီကင်းနေ ပွကြီး(၄၅)နှစ်၊ (ပွကြီး ၏ညီဖြစ်သူ) သန်းထွန်းဦး(၄၀)နှစ် ၊ သရက်တစ်ပင်အုပ်စု၊ ရဲထွဋ်ရွာနေ ခွေးကြီး(ခ) ငစိုင်း(၂၅)နှစ်၊ သရက်တစ်ပင်တောင်ပိုင်းနေ ငရဲ(ခ)ရဲဇော်(၂၂)နှစ်နှင့် ဗေလုဝ(ခ)ဗေကြီး(၁၉)နှစ်တို့ ၈ ဦး အပါအဝင် အခြားအမည်မသိသူလူတစ်စုမှ ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြောင်း ထပ်မံသတင်း ဖော်ထုတ် ရရှိခဲ့ပါသည်။

ရဲအရာရှိအား   ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့သူများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် သတ်ဖြတ်မှု ကျူးလွန်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ    ငြိမ်းမင်းသူ၏ ပြောကြားချက်အား ယခုလိုပဲ ကြားသိရပါသည်-

''ကျွန်တော့်နာမည်ကတော့ ငြိမ်းမင်းသူ ပါ။    ပုသိမ်ကြီးမြို့နယ်   သရက်တစ်ပင် ကျေးရွာမှာ နေထိုင်ပါတယ်။     တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုပါတယ်။ မိန်းမမရှိ လူပျိုဖြစ်ပါတယ်။ မြို့ပတ်လမ်းမှာ လူရှုပ်ရှုပ်မြင်လို့ ကျွန်တော်တက် သွားပါတယ်။ ၁၄ လမ်းက လူတွေနဲ့အတူ အဲ့ဒီမှာ  ရပ်နေပါတယ်။  ရပ်နေတုန်း ဆိုင်ကယ်တစ်စီး ရှေ့တိုးလိုက်၊ နောက်ဆုတ် လိုက်လုပ်နေတော့ ဘွားတော်တစ်ယောက် က  သူ့ကို  မသင်္ကာဘူး။  ''စစ်တဲ့''။ ကျွန်တော်တို့စစ်တော့ မတွေ့ဘူး။    အဲ့ ဆိုင်ကယ်က မြောက်ကိုမောင်းသွားတယ်။ ပွကြီးတို့နဲ့ တွေ့တော့ စစ်တော့ကျတော့ ခြောက်လုံးပြူးတစ်လက်၊   ပိုက်ဆံထုပ်၊ လက်စွပ်တစ်ကွင်းပါတယ်။ ပိုက်ဆံအိတ်နဲ့ လက်စွပ်ကတော့ ဘယ်သူယူသွားလဲ မသိဘူး။ စစ်သားတွေ၊ စစ်သားတွေတက်လာ တယ်ဆိုပြီး ပြေးတက်သွားတော့ တာယာကွင်းကို ဓာတ်ဆီလောင်းပြီး မီးပိတ်ရှို့ လိုက်တယ်။ ၁၄ လမ်းဘက်မှာ မီးလောင်တယ်၊ မီးလောင်တယ်ဆိုပြီး သွားပြီး ရိုက် နှက်ခေါ်လာတယ်။ ခေါင်းကို အင်္ကျီအဝါကြီး စွပ်ပြီးတော့ ခေါ်လာတယ်။ သွေးသံ တရဲရဲနဲ့ ဝိုင်းရိုက်ပြီး ခေါ်လာတယ်။ အထဲကိုရောက်ပြီး လူအယောက် တစ်ရာလောက် ရှိတယ်။ အကုန်ဝိုင်းရိုက်တယ်။ ထိုးတဲ့လူ ကထိုးတယ်။ ရိုက်တဲ့သူက ရိုက်တယ်။ ခဲနဲ့ ထုတဲ့သူက ထုတယ်။ မြင်တဲ့သူက ပထမ အာကြီး ခုတ်တာကို မြင်လိုက်တယ်။ ရန်ရှင်း လုပ်တာကို မြင်လိုက်တယ်။ ဘယ်နေရာကို ခုတ်တယ်ဆိုတာကို မမြင်လိုက်ဘူး။ လူတွေများလို့။ ရန်ရှင်းတို့၊ အာကြီးတို့ ခုတ်လိုက်ပြီးတော့ ကျွန်တော် ဓားနှောင့်နဲ့ပခုံးကိုတစ်ချက်    ခုတ်လိုက်ပါတယ်။ အဲ့နားကလူတွေ ဝိုင်းထိုး၊ ဝိုင်းရိုက်၊ ခြေ ထောက်နဲ့ကန်ပြီး   ဘယ်ကမှန်း မသိတဲ့ လူတစ်ယောက်က ခြေထောက်နဲ့ မီးပုံထဲကို ကန်လိုက်တယ်။     မီးပုံထဲကျပြီးတော့ အဲ့လူကပြန်ထလာတယ်။ ပြန်ထလာတော့ ဆံပင်ရှည်ရှည်နဲ့လူက   မီးပုလင်းနဲ့ပစ် တယ်။  မီးတွေဆွဲပြီး  အဲ့လူပြန်ထလာတယ်။ ပြန်ကန်တယ်။ အဲ့လူက ဟိုဘက်၊ ဒီဘက်လိမ့်ပြီးတော့    ရပ်သွားတယ်။

ရပ်လည်းသွားရော   အဲ့ပေါ်မှာ တာယာကွင်းတွေ တင်တယ်။    ခုံတွေတင်တယ်။ တင်နေတုန်း စစ်သားတွေ လာတယ်ဆိုတော့ အကုန်လုံး  ချုံထဲကို ထွက်ပြေးကြတယ်။ ရဲတစ်ယောက်ကို အင်နဲ့အားနဲ့ ဝိုင်းရိုက်တယ်။ ကျွန်တော်တို့မှားတယ်။ ရည်ရွယ်ချက်မရှိပါဘူး။   အများလုပ်လို့  ကျွန်တော်လုပ်တယ်။ အခု ကျွန်တော် ပြောတာတွေကဘယ်သူကမှ ဖိနှိပ်ပြီးပြောခိုင်းတာ မဟုတ်ပါဘူး။   ဖြစ်စဉ်မှာ  ကျွန်တော်ရှိခဲ့ပါတယ်။ ကျွန်တော့်မျက်မြင် အတွေ့အကြုံကို ပြောခဲ့တာဖြစ်ပါတယ်''ဟု   ပြောကြားသည်။