မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီး ရေခဲတိုက်အတွင်း သင်္ဂြိုလ်ရန်ကျန် မွေးကင်းစ ကလေးအလောင်း ၁၂၆ လောင်း တွေ့ရှိမှုနှင့်ပက်သက်၍ အချိန်မီ သင်္ဂြိုလ်ရန် တာဝန်ပျက်ကွက်ခဲ့သည့် ရင်ခွဲရုံ တာဝန်ခံအား ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ထာ

နေပြည်တော်၊ ဧပြီ ၁

   ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီး ရေခဲတိုက်အတွင်း သင်္ဂြိုလ်ရန်ကျန် မွေးကင်းစကလေး အလောင်း ၁၂၆ လောင်း တွေ့ရှိမှုနှင့်ပက်သက်၍ အချိန်မီ သင်္ဂြိုလ်ရန် တာဝန်ပျက်ကွက်ခဲ့သည့် ရင်ခွဲရုံတာဝန်ခံအား ဥပဒေနှင့်အညီ အမှုဖွင့်လှစ် ထားရှိကြောင်း သတင်းရရှိပါသည်။

    ဖြစ်စဉ်မှာ မတ်လ ၂၈ ရက်နေ့တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး၊ အနောက်ပေါက်တွင် လုံခြုံရေးတာဝန် ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ရေခဲတိုက်အတွင်း အပုပ်နံ ရရှိသဖြင့် ဆေးရုံအုပ်ကြီးထံ သတင်းပို့ခဲ့ရာ ဆေးရုံအုပ်ကြီးမှ ဆေးရုံအုပ်ဖြစ်သူမှာ ရန်ကုန်မြို့တွင် တာဝန်ဖြင့် ရောက်ရှိနေသောကြောင့် ၎င်းဆေးရုံအုပ် ပြန်လည်ရောက်ရှိပါက စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးရုံအုပ်ဖြစ်သူမှာ မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မှ ပြန်လည်ရောက်ရှိ လာခဲ့သဖြင့် မတ်လ ၃၁ ရက်နေ့တွင် ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့တို့မှ အပုပ်နံ့ရရှိသည့် ရင်ခွဲရုံအား ဝင်ရောက်စစ်ဆေးခဲ့ရာ ရင်ခွဲရုံအတွင်းမှ မီးသင်္ဂြိုလ်ရန် ကျန်ရှိနေသော မွေးကင်းစကလေး အလောင်း ၁၂၆ လောင်းအား တွေ့ရှိခဲ့ပါသည်။

    အဆိုပါ မွေးကင်းစကလေး အလောင်းများ ကျန်ရှိနေမှုနှင့် ပတ်သက်၍ ဆက်လက်စိစစ်ခဲ့ရာ ရင်ခွဲရုံ တာဝန်ခံဖြစ်သူ လွင်မိုးမှာ ယခင်ဆေးရုံ ဖွင့်လှစ်စဉ်က ဆေးရုံတွင် သေဆုံးခဲ့သည့် ကလေးငယ်များ၊ မိခင်ဝမ်းဗိုက်အတွင်း သေဆုံးခဲ့သည့် ကလေးငယ်များ၊ ပိုင်ရှင်မပေါ်ဘဲ သေဆုံးခဲ့သည့် ကလေးငယ် တို့၏ ရုပ်အလောင်းများအား အလောင်း ၁ လောင်းလျှင် သင်္ဂြိုလ်ပေးရန်အတွက် မြန်မာငွေကျပ် ၃၀၀၀ နှင့် ၅၀၀၀ ကြား ၎င်းမှ တာဝန်ယူကောက်ခံကာ ရင်ခွဲရုံတွင် ထိန်းသိမ်းထားရှိခဲ့ကြောင်း၊ ၎င်းအနေဖြင့် ကလေးငယ် အလောင်းများအား အခကြေးငွေရယူပြီး ကာလကြာရှည်စွာ မသင်္ဂြိုလ်ဘဲ ရင်ခွဲရုံတွင် ထိန်းသိမ်းထားရှိကာ မတ်လ ၂၈ ရက်နေ့မှစတင်၍ CDM လှုပ်ရှားမှုများကို အကြောင်းပြပြီး အလုပ်သို့ လာရောက်ခြင်း မရှိတော့ကြောင်း၊ ဆေးရုံပြန်လည် ဖွင့်လှစ်ချိန်တွင်လည်း ၎င်းအား ဆက်သွယ်၍ မရတော့ကြောင်းနှင့် ၎င်းတာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အား လုပ်ဆောင်ခြင်းမရှိဘဲ ကလေးအလောင်းများအား သင်္ဂြိုလ်ပေးရန် ရယူကောက်ခံထားသည် အခကြေးငွေများအား အလွဲသုံးစား လုပ်ကာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း စုံစမ်းသိရှိရ ပါသည်။

    အဆိုပါမွေးကင်းစ ကလေးရုပ်အလောင်း ၁၂၆ လောင်းအား မတ်လ ၃၁ ရက်နေ့ ညနေ ၂ နာရီအချိန်တွင် ဆေးရုံအုပ်ကြီး၏ ခွင့်ပြုချက်ဖြင့် အေးရိပ်ငြိမ် သုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် ကလေးအလောင်းများအား သင်္ဂြိုလ်ပေးရန် အခကြေးင ွေကောက်ခံထားရှိပြီး တာဝန်ပျက်ကွက်ခဲ့သည့် ရင်ခွဲရုံတာဝန်ခံအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။