နေပြည်တော် ဧပြီ ၁
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ပါညု ဘုန်းတော်ကြီးကျောင်း၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကြီးကျေးရွာ၊ တောင်ပေါ်ကျောင်းတိုက်နှင့် တောင်ညိုတောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ မင်းကျောင်းကြီး ကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄) မျိုး၊ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ သာသနာ-၂၅၀၀ ကျောင်းတိုက်နှင့် ရေကန်တောင်ဆုတောင်းပြည့်ကျောင်းတိုက်၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကြီးကျေးရွာ၊ တောင်ပေါ်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊
ရေလယ်ကျောင်းများရှိ သံဃာတော်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကြီးကျေးရွာ၊ တောင်ပေါ်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား တပ်မတော်မှ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
၎င်းင်းအပြင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ရွှေမေတ္တာ ဘိုးဘွားရိပ်သာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် သွားရောက်၍ ဘိုးဘွားရိပ်သာ အတွက် ဆေးပဒေသာပင် အလှူငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းရာ အဆိုပါရိပ်သာမှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဘိုးဘွားများအား အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။