ဒီမိုကရေစီကို ဘယ်သူဖျက်နေသလဲ

လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်က ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်သည် ယနေ့တိုင်လေးစားကြည်ညို မဆုံးနိုင်သော တရားတော်ဖြစ်သည်။ ဤတရားသည် ကမ္ဘာ့လူသား

အားလုံးနှင့် သက်ဆိုင်နေသည်။  ဘာသာမတူသူများလည်း ဤစိတ်ထား ဤလမ်းစဉ်ကို ကျင့်သုံးမည်ဆိုပါက အသက်ရှင်သန်နေသမျှ ကာလပတ်လုံး သောကကင်းဝေးနေပေလိမ့်မည်။ အစွန်းနှစ်ဖက်မှရှောင်ကာ အလယ်မှ

သွားလာပြုမူနေထိုင်ခြင်းသည် အမှန်တရားဖြစ်သည်။

တစ်ဖက်ဖက်ကို ကပ်လိုက်သည်နှင့် အစွန်းနှင့်ပိုမို နီးကပ်သွားသလို အမှန်တရားနှင့်လည်း ဝေးကွာသွားပေလိမ့်မည်။ အလယ်မှနေခြင်းဖြင့် အမှန်တရားကိုလည်း မြင်နိုင်သလို အမှားကိုလည်း မြင်နိုင်ပေလိမ့်မည်။

လက်ရှိနိုင်ငံတော်ကိုတာဝန်ယူထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဆိတ်သုဉ်းခြင်း မရှိသေးပါ။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရှင်သန်ရေး အတွက်သာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ငါတို့ပါတီရာနှုန်းပြည့် မဲနိုင်အောင် လုပ်ရမယ်ဟူသော ရည်မှန်းချက်ဖြင့် မဲဆွယ်ကာလ တစ်လျှောက်လုံး စည်းလွတ်ဝါးလွတ်ထင်တိုင်းကြဲခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုပါတီတစ်ခုတည်း ရှိသည့်အလား ကျန်သူများကို မထီမဲ့မြင်ပြုကာ ကဲ့ရဲ့လှောင်ပြောင်ခဲ့သည်။ အခြားသောပါတီများက စည်းကမ်းသေဝပ်စွာ မဲဆွယ်စည်းရုံး လျှင်လည်း ထိုပါတီကို ဝန်းရံသူတို့သည် မြင်မကောင်းရှုမကောင်းအောင် နှောင့်ယှက်ကြသည်။

ရာနှုန်းပြည့်မဲရရှိရေးအတွက် မဲမသမာသော နည်းပေါင်းများစွာ သုံးခဲ့သည်။ အသက်မပြည့်သူများကို ၁၈ နှစ်အထက် စာရင်းသွင်းကာ မဲထည့်ခိုင်းခြင်း၊ မှတ်ပုံတင်ကတ်တစ်ခုတည်း အကြိမ်ပေါင်းများစွာ မဲစာရင်း ထည့်သွင်းခြင်း၊ မှတ်ပုံတင်မရှိသူများကို မဲထည့်ခွင့်ပေးခြင်း၊ မဲလက်မှတ်များကို လိုသလို ရိုက်နှိပ်သုံးစွဲခြင်း၊ ကြိုတင်မဲတွင်လည်း ရှိသင့်သည့် အရေအတွက်ထက် ပိုမိုထည့်ထားခြင်း စသည်စသည်ဖြင့် မသမာမှုပေါင်းများစွာ လုပ်ဆောင်ခဲ့သည်။ UEC  အနေဖြင့်လည်း မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်ကို မလိုက်ဘဲ အစွန်းရောက်လွန်းခဲ့သည်။ ထိုအချက်များကို အခြားသော ပါတီပေါင်းစုံနှင့် တပ်မတော်က ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးနောက် အကြိမ်ကြိမ်ဖော်ပြခဲ့သည်။ ထိုပါတီသည် အာဏာရရှိဖို့သာ အဓိကအနေအထားဖြင့် ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘဲ ထင်တိုင်းကြဲခဲ့သည်။ ထို့ကြောင့် အများပြည်သူ မျှော်လင့်နေသော ဒီမိုကရေစီသည် မျှတမှုမရှိဘဲ အတ္တဒီမိုကရေစီဖြစ်ခဲ့သည်။ ဤအကြောင်းအရာများသည် ဖြစ်ရပ်အမှန်ပင်ဖြစ်သည်။

တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းရန် အချိန်များစွာ ရပါလျက် သို့တည်းမဟုတ် တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ဆောင်သင့်ပါလျက် ပျက်ကွက်ခဲ့လေသည်။ ထို့ကြောင့် တပ်မတော်သည် ပြည်သူများ ဒီမိုကရေစီရရှိရေးအတွက် ရပ်တည်လိုက်ရခြင်းဖြစ်သည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပြည်သူများကို ဒီမိုကရေစီပေးနေသည်။ လက်ရှိဖွဲ့စည်း လုပ်ဆောင်နေသော  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဖွဲ့စည်းထားခြင်းကို ကြည့်လိုက်လျှင်ပင် ဒီမိုကရေစီကို တန်းခနဲမြင်နိုင်သည်။ တပ်မတော်မှ ကိုးဦးသာပါဝင်ပြီး အရပ်ဘက်က ၁၀ ဦးပါဝင်သည်။ စုပေါင်းဆွေးနွေး၊ ညှိနှိုင်းအဖြေရှာ၊ ဆုံးဖြတ်သောမူဝါဒဖြင့် နိုင်ငံတော်ကို အုပ်ချုပ်နေခြင်းဖြစ်သည်။ လက်ရှိအနေအထားတွင် တပ်မတော်ကတာဝန်ယူလိုက်၍ ဒီမိုကရေစီပျက်သွားပြီဟု ပြောနေသူများသည် အမှန်တရားကို မျက်ကွယ်ပြုနေခြင်း ဖြစ်သည်။

ဒီမိုကရေစီရရှိရေးကြွေးကြော်ကာ ဆန္ဒပြသည်။ ဒီမိုကရေစီမဆန်သော အကြမ်းဖက်မှုကို လုပ်ဆောင်သည်။ အများသူငါသွားလာသော လမ်းမကြီးများကို သွားလာမရအောင် ပိတ်ဆို့ထားသည်။ မီးရှို့ဖျက်ဆီးသည်။ ဒီမိုကရေစီသဘောအရ သဘောထားကွဲလွဲ နိုင်သော်လည်း ငါနှင့်မတူ ငါ့ရန်သူဆိုကာ ရက်ရက်စက်စက် လူအုပ်စုဖြင့် အနိုင်ကျင့်သတ်ဖြတ်သည်။ မီးရထားလမ်းတွေ သွားလာလို့မရအောင် ပိတ်ဆို့ဖျက်ဆီးသည်။ ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးသည် ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင်များ ရပ်ဆိုင်းထားရသည်။ ပြည်သူများ စားဝတ်နေရေးလွန်စွာ ကျပ်တည်းသည်။ အလုပ်လက်မဲ့များလာသည်။ မိသားစုစားဝတ်နေရေး အဆင်ပြေရေးအတွက် လည်ပတ်နေသော စက်ရုံပေါင်းများစွာကို ဒီမိုကရေစီလိုလားသူ အမည်ခံများက မီးရှို့ဖျက်ဆီးသည်။

မိသားစုပေါင်းများစွာ အလုပ်လက်မဲ့ပိုမိုဖြစ်သွားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက ပြည်သူများအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေချိန်တွင် မဲမသမာမှုပြုခဲ့သော ပါတီဝင်များနှင့် ထိုပါတီကို ထောက်ခံသူအသိုင်းအဝိုင်းက ပြည်သူများ ဘဝအဆိုးဆုံး ဖြစ်အောင် လုပ်ဆောင်နေသည်။ အရှင်းလင်းဆုံး မေးရလျှင် ဒီမိုကရေစီကိုမည်သူက တည်ဆောက်၍ မည်သူတွေက ဖျက်ဆီးနေသလဲ မှန်မှန်ကန်ကန်ကြည့်မြင်ဖြေကြား ပေးကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။