ဆူပူအကြမ်းဖက်မှုများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် လက်နက်များနှင့် ဆက်စပ် ပစ္စည်းများ ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၁

ဆူပူအကြမ်းဖက်သူများအသုံးပြုလျက်ရှိသည့် လက်နက်များနှင့် ပစ္စည်းများ သိုဝှက်ထားမှုနှင့် ကိုင်ဆောင်မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ် ၃၁ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၁၃)၊ အိမ်အမှတ်(၄)၊ သုခနဒီလက်ဖက်ရည်ဆိုင်၌ ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးကျော်သူရ(ဘ)ဦးကျော်၊ ဇနီးဖြစ်သူ ဒေါ်အေးအေးမြင့်(ဘ) ဦးအောင်ရွှေ၊ သားဖြစ်သူ မောင်မိုးသစ်တည်တို့ ၃ ဦးအား ဓားမျိုးစုံ ၁၀ လက်၊ အခြားဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း၊ ရပ်ကွက်(၄)၊ နယ်မြေ(၇)၊ မန္တလေးလမ်း၊ အိမ်အမှတ်(၃၃)၌ ဦးမျိုးနိုင်(ဘ)ဦးမြင့်ဦးအားလှံ ၂ ချောင်း၊ ဓား ၂ ချောင်း၊ အခြား ဆက်စပ်ပစ္စည်းနှင့်လည်းကောင်း၊ ရပ်ကွက်(၉)နယ်မြေ(၅)၊ အိမ်အမှတ်(၅/၃၄)၌ ဒေါ်မိမိမော်(ဘ)ဦးအိုက်မောင်းအား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်း များဖြင့်လည်းကောင်း၊ အေးသာယာမြို့၊ ရပ်ကွက်(၁၂)၊ (၂၂)လမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ် အမျိုးသားတစ်ဦးအား ခေါ်ယူစစ်ဆေးရာ ထက်နိုင်မိုးဦး(ခ)ဟေရှမ်း (ဘ)ဦးအာမင်း အား ၎င်း၏နေအိမ်မှ ပွိုင့် ၂၂ သေနတ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ၎င်းကျည် ၅၃၇ တောင့်၊ လက်လုပ်သေနတ် ၁ လက်၊ ဓားမျိုးစုံ ၇ ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း၊ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ (၄)လမ်း၊ အိမ်အမှတ်(၄၉၈)၌ စန်းယုအား လက်လုပ်မီးခိုးဗုံး ၈ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ တောင်ငူမြို့၊ (၂၂)ရပ်ကွက်၊ ရန်ကုန်- မန္တလေးကားလမ်းဘေး အမေ့အိမ်ဟိုတည် ဝန်ထမ်းအိမ်ရာနေ ဖြိုးဝေအောင်(ခ)ဝေဖြိုး(ဘ)ဦးထူးအောင်အား ဂျင်ကလိ ၂ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

အလားတူ ယနေ့တွင် လှိုင်မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ရွှေဟင်္သာလမ်းရှိ ခြင်းလုံးအားကစားရုံအတွင်း၌ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် ပစ္စည်းများအား လည်းကောင်း၊ အမှတ်(၉)ရပ်ကွက်၊ တိုက်(၆၀)၊ (၃)လွှာ၊ အခန်း(၈)၌ ပိုင်ဇော်ကို အပါအဝင် အမျိုးသား ၈ ဦးအား လက်လုပ်ဗုံး ၁ လုံး၊ အခြားဆက်စပ်ပစ္စည်း များနှင့်လည်းကောင်း၊ မြိုင်မြို့နယ်၊ အင်းရောင်းကျေးရွာ၊ ဦးသိန်းမြင့်ဦး(ဘ) ဦးဌေးမြင့်နေအိမ်၌ ၎င်းနှင့်သားဖြစ်သူ စိုးကျော်တို့ ၂ ဦးအား လက်လုပ်သေနတ် ၁ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ သီရိသုခလမ်း၌ ဆူပူအကြမ်းဖက်သူ ၅၀ ဦးခန့်က အများပြည်သူအသုံးပြုသည့် လမ်းအားပိတ်ဆို့၍ ဆူပူအကြမ်းဖက်မှုများဆောင်ရွက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖြိုခွင်းခဲ့ရာ ၎င်းတို့အနက်မှ ကျော်သက်ဦး(ဘ) ဦးသောင်းမောင်၊ ဇွဲမောင်ဦး၊ ရဲထက်အောင်နှင့် ဒေါ်ခင်ဌေးတို့ ၄ ဦးအား လေသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ဗုံး ၂ လုံး၊ အခြားဆက်စပ်ပစ္စည်းများ ဖြင့်လည်းကောင်း၊ တောင်ငူမြို့၊ ၁၃ ရပ်ကွက်၊ ၅ လမ်း၊ လိပ်ကန်အနီး၌ ယွန်ဝတီခင် (ဘ)ဦးလှခင်၊ အောင်သာတိုး(ဘ)ဦးမောင်မောင်တာ နှင့် ရဲရင့်နောင်(ခ)ရဲနောင်(ဘ) ဦးသိန်းထိုက်တို့ ၃ ဦးအား မီးစာတပ်ထားသည့်မီးပုလင်း ၁၂ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိသူများကို ဉပဒေအရထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးရှာဖွေသတင်းဖော်ထုတ်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။