UEHRD Healthcare Task Force က ရခိုင်ပြည်နယ် အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီနိုင်ရေး ဆွေးနွေး

နေပြည်တော် သြဂုတ် ၂၃

ရခိုင်ပြည်နယ်အတွင်း   လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း COVID-19 ကူးစက်ပျံ့နှံ့မှု ဖြစ်စဉ်အတွက် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် UEHRD Healthcare Task Force က ပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ UEHRD ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်၊   အဖွဲ့ဝင်များဖြစ်ကြသော ဦးတိုးအောင်နှင့် ဦးငြိမ်းအေး၊ UEHRD ၏ Healthcare Task Force အဖွဲ့ဝင်များ၊ UEHRD ရုံးအဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက UEHRD  ပြည်ထောင်စုစီမံကိန်းသည် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဘေးအန္တရာယ် ခံစားရသူများအတွက် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ UEHRD လုပ်ငန်းစဉ်များတွင် ပါဝင်သော လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ရေရှည်လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု COVID-19ကမ္ဘာ့ကပ်ရောဂါသည် ရခိုင်ပြည်နယ်အတွင်း စတင်ပြန့်ပွားမှုဖြစ်ပွားနေစဉ်တွင် COVID-19 ဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊တုံ့ပြန်ရေး လုပ်ငန်းစဉ်အရ လိုအပ်ချက်များ ရှိလာကြောင်း၊ UEHRD ၏  Healthcare Task Force အနေဖြင့် အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေနှင့် လိုအပ်ချက်များအရ UEHRD Healthcare Task Force က ကျန်းမာရေးစောင့်ရှောက်မှုများ အတွက် လိုအပ်သော ဆေးရုံခုတင်များ၊ အင်အားတိုးချဲ့ဆောင်ရွက် ရမည့် ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ၊ အဘက်ဘက်ကပါဝင်ပူးပေါင်း ကူညီကြမည့် စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပြီး ထိရောက်စွာ ပူးပေါင်းကူညီကြရန်ဖြစ်ကြောင်း၊ ထို့ပြင်  UEHRD  ၏အခြားသော Task Forces များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက UEHRD အနေဖြင့် လက်ရှိ ရခိုင်ပြည်နယ်၏ ပကတိအခြေအနေများကို သိရှိပြီး ဆောင်ရွက်နိုင်ရန် သတင်းရယူ ညှိနှိုင်းပေးမည့် တာဝန်ခံသတ်မှတ်ခြင်း၊ အမြန်အကောင်အထည် ဖော်နိုင်မည့်လုပ်ငန်း အစီအစဉ်များသတ်မှတ်ခြင်း၊ ဘဏ္ဍာငွေကြေးဆိုင်ရာကိစ္စများကို UEHRD Healthcare Task Force က သီးခြား ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် အမြန်ဆုံး ကူညီပံ့ပိုးမည့် အစီအစဉ်များ ဆွေးနွေးခြင်း၊ ရခိုင်ပြည်နယ် လူငယ့်ရေးရာ ကော်မတီဝင်များနှင့် ဆွေးနွေးရန်ကိစ္စညှိနှိုင်းခြင်း၊ အသင့်ရှိပြီးဖြစ်သော သင်တန်းဆင်း စေတနာ့ဝန်ထမ်းများအား ပြန်လည်စုစည်းခြင်းနှင့် အင်အားတိုးချဲ့ပြီး သင်တန်းများ ထပ်မံပို့ချရန်စီစဉ်ခြင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ယနေ့ဆွေးနွေး ဆုံးဖြတ်ချက်များကို UEHRD   ၏ Healthcare Task Force ကကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရ ဌာနဆိုင်ရာများနှင့်   အမြန်ဆုံး ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။