ရောမ၊ ဘောလုံး
အီတလီနည်းပြများအစည်းအရုံးက နှစ်စဉ်ရွေးချယ် ချီးမြှင့်ပေးအပ်သည့် အီတလီစီးရီးအေတစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို အတ္တလန္တာအသင်းနည်းပြ ဂတ်စ်ပါရီနီက နှစ်ရာသီဆက်ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အီတလီနည်းပြများအစည်းအရုံးက Panchina d'oro အမည်ရှိ အီတလီစီးရီးအေတစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ၁၉၉၁ ခုနှစ်ကတည်းက စတင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နည်းပြဂတ်စ်ပါရီနီသည် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကလည်း အတ္တလန္တာအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သကဲ့သို့ ၂၀၁၉-၂၀၂၀ ဘောလုံး ရာသီကလည်း အသင်းနှင့်အတူ အကောင်းဆုံးပုံစံရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို နှစ်ရာသီဆက်ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
နည်းပြဂတ်စ်ပါရီနီက “အခုလို နှစ်ရာသီဆက်တိုက် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုရရှိခဲ့တဲ့အတွက် ကျွန်တော့်ဘဝမှာ ဘယ်တော့မှမေ့လို့မရတဲ့ အမှတ်တရပါပဲ။ ထိပ်တန်းနည်းပြတွေ၊ ထိပ်တန်းကစားသမား တွေရှိနေပါတယ်။ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုရရှိခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်” ဟု ပြောသည်။
ယခုဘောလုံးရာသီတွင်လည်း နည်းပြဂတ်စ်ပါရီနီသည် အတ္တလန္တာအသင်းကို အကောင်းဆုံး ဦးဆောင် ထားနိုင်ဆဲဖြစ်ပြီး ၂၈ ပွဲကစားပြီးချိန်တွင် ရမှတ် ၅၅ မှတ်ဖြင့် အဆင့် (၄)နေရာ၌ ရပ်တည်နေကြောင်း သိရသည်။
Ref;Tuttosports