ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံ

နေပြည်တော် ဧပြီ ၂

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅ နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တို့အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့၊ ကြံခင်းမြို့တို့ရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ကျန်းမာရေးဝန်ထမ်းများနှင့်အတူပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များအား ဖူးမြော်ကြည်ညို ခဲ့ကြကြောင်း သတင်းရရှိသည်။

(၁၀၀)