YBS ယာဉ်လိုင်း ၄ဝ ကျော်တွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်

ရန်ကုန်၊ အသိပညာပေး

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) မှ ဦးဆောင်၍ ရန်ကုန် မြို့ ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီး YBS ယာဉ်လိုင်းဂိတ်များ၊ စံပြဈေးအနီး သံသုမာလမ်းနှင့် လေးထောင့် ကန် လမ်းရှိ YBS  ယာဉ်လိုင်းဂိတ်များအပါအဝင် စုစုပေါင်း ယာဉ်လိုင်း ၄ဝ ကျော်တွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှာခေါင်း စည်းတပ်ဆင်ရမည့် အသိပညာပေးလှုပ်ရှားမှုကို သြဂုတ် ၂၃ ရက်က ပထမ အဆင့် အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

'' COVID-19  ရောဂါကာကွယ် ထိန်းချုပ်ရေးကို့ YRTA အနေနဲ့ တစ်တပ်တစ်အား  ပါဝင်ဆောင်ရွက်တာ ဖြစ်ပါတယ်။  COVID-19  ရောဂါဖြစ်ခါစတုန်းက  လူတွေက  သတိဝီရိယနဲ့ကာကွယ်ကြတယ်။ အခု  ကာကွယ် မှုအား  နည်းနည်းလျော့လာကြတယ်။ COVID-19 ရောဂါဒုတိယလှိုင်း မဖြစ်ဖို့  နိုင်ငံတော်ကလည်း ကာကွယ်နေ တာပါ။ ပထမအဆင့်အနေနဲ့  ဆူးလေ ဘုရား၊  မြို့တော်ခန်းမအနီးက  ကားဂိတ်တွေနဲ့ စံပြဈေးအနီးက ကားဂိတ်တွေ မှာရှိတဲ့ ယာဉ်လိုင်းပေါင်း ၄ဝ ကျော်မှာ အသိပညာပေးမှုတွေဆောင်ရွက်နေပါတယ်။ COVID-19  ရောဂါက လူစုလူဝေးဖြစ်ရင်  ကူးစက်မှုရှိတယ်၊ လေထဲက တစ်ဆင့်လည်း ကူးစက်နိုင်တယ်လို့  သိရတယ်။ ကားတွေ ပေါ်မှာက Social Distancing ဖြစ်ဖို့ အခက်အခဲရှိပါတယ်။  ရုံးတက်၊ ရုံးဆင်း ချိန်မှာ ခရီးသွား များတယ်။ ဒါကြောင့် တစ်ကိုယ်ရေ ကာကွယ်မှုကို  အဓိကဦးစားပေးနိုင်အောင်  အခုလိုဆောင်ရွက်ရတာပါ''   ဟု YRTA  တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

အဆိုပါလှုပ်ရှားမှုတွင် ဆူးလေဘုရား နှင့် မြို့တော် ခန်းမအနီး ကားမှတ်တိုင်ရှိ ယာဉ်လိုင်း ငါးလိုင်း၊ မြို့တော် ခန်းမဘေး  ဇင်ယော်မုန့်တိုက် အနီး   ကားဂိတ်များရှိ  ယာဉ်လိုင်း  ၁၉ လိုင်း၊ စံပြဈေး အနီး သံသုမာလမ်းနှင့်   လေးထောင့်ကန်လမ်း ပေါ်မှ ကားမှတ်တိုင်ရှိ ယာဉ်လိုင်း ၂ဝကျော် စုစုပေါင်း ယာဉ်လိုင်း ၄ဝ ကျော်တွင်   YRTA အတွင်းရေးမှူးနှင့် တွဲဖက်အတွင်း ရေးမှူးတို့ ဦးဆောင်သော အဖွဲ့ဝင်များက ဆင့်ပွား ဆောင်ရွက်နိုင်ရန်     ယာဉ်လိုင်း တာဝန်ရှိ သူများအား နှာခေါင်းစည်းများ၊ Hand Gel  များ၊ လက်အိတ်များ၊ လက်ကမ်းစာစောင်နှင့် ပိုစတာများ ပေးအပ်ခဲ့သည်။ ထို့ပြင် နှာခေါင်းစည်း မတပ်ဆင်သူများကို နှာခေါင်းစည်း တပ်ဆင်ရန် အသိ ပညာပေး ပြောကြားခြင်း၊ နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ ယာဉ်ပေါ်၌ Hand Gelများ ထားပေးခြင်း၊ COVID-19 ရောဂါ အသိ ပညာပေး စာစောင်များ  ဖြန့်ဝေပေးခြင်းတို့ကို  ဆောင်ရွက်သည်။ အလားတူ သြဂုတ် ၂၅ရက်တွင် ဒုတိယ အဆင့် လှုပ်ရှားမှုအဖြစ်  ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းဂိတ် အားလုံး၌ ဆောင်ရွက်မည် ဖြစ်ကြောင်း YRTA မှ သိရသည်။

မောင်မျိုး(ဧရာဝတီ)